ဥမင်
English: Tunnel

ယခင်ရထားလမ်းဥမင်ကို ယခုလမ်းသွားလမ်းလာနှင့်စက်ဘီးဥမင် အဖြစ်ပြောင်းလဲထားသည် ဘယ်လ်ဂျီယံ၊ ဟိုးရပ်

ဥမင်လိုဏ်ခေါင်းမှာ များသောအားဖြင့် ကူးသန်းသွားလာ ရေးအတွက် တောင်ကို ဖြတ်၍ ဖြစ်စေ၊ မြစ်တစ်ဖက်ကမ်းမှ အခြားတစ်ဖက်သို့ မြစ်အောက်မှဖြစ်၍ဖြစ်စေ ဖောက်လုပ် ထား သည့်လမ်း ဖြစ်သည်။ အဆောက်အအုံဆိုင်ရာ လုပ်ငန်းတွင် ဥမင်လိုဏ်ခေါင်း ဖောက်လုပ်ခြင်းသည် ရှေးအကျဆုံး အတတ် ပညာ တစ်ရပ်တွင် ပါဝင်သည်။ ရောမလူမျိုးများ ကောင်းစား စဉ်က ဥမင်လိုဏ်ခေါင်းများကိုတူး၍ အသုံးပြုခဲ့ကြသည်။ သို့သော် ထိုအခါ ဥမင်လိုဏ်ခေါင်းများကို ရေသယ်ယူရန် အတွက်သာ များသောအားဖြင့် အသုံးပြုခဲ့ကြသည်။

ကူးသန်းသွားလာရေးအတွက် ဖောက်လုပ်သော ဥမင်လိုဏ် ခေါင်းများမှာ နည်းပါး၏။ ဥမင်လိုဏ်ခေါင်း တူးရာ၌ ရောမ လူမျိုးတို့သည် ကျောက်များကို ပထမပူလာအောင် အပူတိုက် ပေးပြီးနောက် ရေပက်ဖြန်း ပေးခြင်းဖြင့် ကျောက်ကို လန့်၍ ကွဲစေလေ့ရှိသည်။ တစ်ခါတစ်ရံတွင်လည်း သူတို့သည် ဗင်နီး ဂါး (ရှာလကာရည်)ဖြင့် ပက်၍ ပြိုကွဲသွားအောင် ပြုလုပ်ပေး ကြသည်။ ဥမင်လိုဏ်ခေါင်းများ တူးဖောက်ရာတွင် အလုပ်တွင် ကျယ်စေခြင်းငှာ တူးယူလိုသည့် နေရာတစ်လျှောက်၌ ပြွန်တွင်း များကိုတူးပေး၍ အလုပ်ကို နေရာပေါင်းများစွာမှ တစ်ပြိုင်နက် တည်း ပြုလုပ်လေ့ရှိကြသည်။

ဥမင်လိုဏ်ခေါင်းများသည် ယခုခေတ်၌ အလွန်ပင် အသုံး ဝင်ကြပေသည်။ ကျွန်ုပ်တို့သည် တောင်၊ မြစ် စသော သဘာဝ အတားအဆီးများကို ဖြတ်ကျော်ရန်အတွက် ဥမင်လိုဏ်ခေါင်း များကို လို၏။ လူဦးရေ ထူထပ်ပေါများ၍ အသွားအလာ ရှုပ် ထွေးသော မြို့ကြီးပြကြီးများတွင် ရေပြွန်၊ မိလ္လာပြွန်နှင့် လျှပ်စစ်ဓာတ် ကြိုးများသွယ်ရန်အတွက်လည်းကောင်း၊ မြေအောက်လူသွားလမ်းနှင့် ဓာတ်ရထား မီးရထားလမ်းများ အတွက် လည်းကောင်း ဥမင်လိုဏ်ခေါင်းများကို ဖောက်လုပ် အသုံးပြုကြရပေသည်။ အချို့မြို့ကြီးများတွင် အပေါ်မှ မမြင်ရ သော်လည်း မြေအောက်၌ အဆိုပါဥမင်လိုဏ်ခေါင်း အမျိုးမျိုး ဖြင့် ရှုပ်ယှက်ခတ်နေတော့၏။ ဥမင် လိုဏ်ခေါင်းများကား သိပ္ပံပညာ၏ အံ့ဩဖွယ်ကောင်းသော တိုးတက်မှုကိုပြသည့် လုပ်ငန်းများပင် ဖြစ်ကြပေသည်။

ဥမင်လိုဏ်ခေါင်းများကို မတူးမီ ရှေးဦးစွာ တူးဖော်မည့် နေရာတစ်ဝိုက်တွင် ဘူမိဗေဒဆရာတို့သည် အမျိုးမျိုး စမ်းသပ် ပြီးနောက် မြေအောက်အနေအထားပုံကို ရေးဆွဲကြရသည်။ ဤသို့ မြေအောက်အနေအထားပုံ ရေးဆွဲခြင်း အလုပ်သည် အလွန်အရေးကြီး၏။ အဘယ်ကြောင့်ဆိုသော် ဤပုံကိုကြည့်၍ မြေအောက် အတွင်းသား ဖွဲ့စည်းပုံ အနေအထားနှင့်တကွ ရေထွက်မည့် ဥမင်လိုဏ်ခေါင်းလမ်းကြောင်းကို ရွေးချယ် သတ်မှတ်နိုင်သောကြောင့် ဖြစ်သည်။ ထိုနောက် ဥမင်လိုဏ် ခေါင်း အစအဆုံး နှစ်ဘက်၏အနိမ့်အမြင့် ဥမင်လိုဏ်ခေါင်း၏ အကျယ်အဝန်းများကို တွက်ချက်ဆုံးဖြတ်ရပြန်သည်။ ဤသို့ အတိအကျ ကြိုတင်ပြင်ဆင်မှု များ ပြီးစီးသွားသောအခါ ဥမင်လိုဏ်ခေါင်းတူးဖော်ရေး လုပ်ငန်းကို စတင်လေတော့၏။ဥမင်လိုဏ်ခေါင်းတူးဖော်ရာတွင် ကျောက်များကို တူးဆွ ဖောက်ခွဲရန် စက်လွန်များ၊ ယမ်းဘီလူးများကို အသုံးပြုကြ ရ၏။ ထွက်လာသည့် မြေစာများကို စက်ယာဉ်များဖြင့် သယ် ဆောင်ထုတ်ပစ်ကြရသည်။ အလုပ် ကို ၂၄ နာရီပတ်လုံး မရပ်မနား လုပ်လေ့ရှိသည့်တိုင်အောက် တစ်ရက်လျှင် ပေပေါင်း အနည်းငယ်သာ ဖောက်လုပ်ပြီးစီးနိုင်လေသည်။ ဥမင်လိုဏ်ခေါင်း နက်လာသောအခါ လေသည် အောက်သိုး သိုးဖြစ်လာ၍ အပြင်မှ လေသစ်ကို သွင်းပေးရ၏။ အထူး သဖြင့် တောင်များတွင် ဥမင်လိုဏ်ခေါင်းများကို ဖောက်လုပ်နေ သည့်အခါ တစ်ခါတစ်ရံ ရေပူစမ်းများကြောင့် ကျောက်ကြား များမှ အငွေ့တစ်ထောင်းထောင်းထနေသော ရေပူများ ပန်းထွက် လာတတ်သည်။ ထိုအခါ ကျောက်ပေါ်သို့ ရေအေးများ ပက် ဖြန်းပေးကြရ၏။ တစ်ခါတစ်ရံတွင်လည်း ချောင်းပေါက်လာ သလောဟု ထင်ရလောက်အောင် ရေများပန်းပြီး ဝင်လာတတ် သည်ကို တွေ့ရသည်။ ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာကျော် ဆင်ပ လုန်ခေါ် ဥမင်လိုဏ်ခေါင်းကြီးကို ဖောက်လုပ်ခဲ့စဉ်က တစ် နေရာတွင် တစ်စက္ကန့်လျှင် ဂါလန် ရေတစ်သောင်းကျော် နှုန်းဖြင့် ဝင်ရောက်လာသည့်အတွက် ရေစုတ်စက်များ အလုံ အလောက် တပ်ဆင်ရန် လုပ်ငန်းကို ခြောက်လခန့် ရပ်နားကြ ရသည်။ တစ်ခါတစ်ရံတွင်လည်း မြေထဲမှ အဆိပ်ရှိသော ဓာတ်ငွေ့များ ထွက်လာတတ်၍ မြေပြိုကျသည့်အဖြစ်မျိုးကိုမူ မြေပျော့သော နေရာ များ၌ မကြာခဏပင် တွေ့ကြုံရတတ် လေသည်။

ဥမင်လိုဏ်ခေါင်းတူးရာ၌ များသောအားဖြင့် လိုက်နာကြ သောနည်းမှာ ဥမင်လိုဏ်ခေါင်းကို အပိုင်းများ ပိုင်းခြား၍ တူးယူသည့်နည်းဖြစ်၏။ ဤနည်းတွင် အလုပ်သမား အမြောက်အမြားဖြင့် နေရာခွဲ၍ အလုပ်ကို တစ်ပြိုင်နက်တည်း ဆောင်ရွက်နိုင်ကြသည်။ ဥမင်လိုဏ်ခေါင်းတူး၍ ပြီးစီးသော အခါ အလုပ်သမားများ ဆင်းရန်နှင့် မြေစာများကို သယ်ယူရန် အသုံးပြုခဲ့သည့် ပြွန်တွင်းများကို တစ်ခါတစ်ရံ ပြန်လည် ပိတ် လိုက်ကြ ၍ တစ်ခါတစ်ရံတွင်လည်း ထိုပြွန်တွင်းများကို လေဝင်ပေါက် အဖြစ်ဖြင့် ချန်လှပ်ထားလေ့ရှိကြသည်။ ဥမင်လိုဏ်ခေါင်းများကို တူးပြီးလျှင် တူးပြီးခြင်း ပြိုမကျစေ နိုင်ရန် အတွင်းခံနံရံများ တပ်ဆင်ပေးဖို့လိုသည်။ အစပထမ၌ သစ်သားဖြင့်ပြုလုပ်သော အတွင်းခံ အကာအရံများကို ယာယီ တပ်ဆင်ပေးလေ့ရှိ၏။ ထိုနောက်မှသာ အုတ်ကျောက်၊သို့မဟုတ် အင်္ဂတေတို့ဖြင့် ပြုလုပ်ထားသော အတွင်းခံ နံရံများကို ခံပေး လေ့ရှိသည်။ ဤအတွင်းခံ နံရံများသည် မြေကိုလိုက်၍ တစ်ပေမှ ငါးပေအထိ ထူ၏။ မြေပျော့ သို့မဟုတ် သဲမြေမျိုး တွင် အထူးထူထပ်စွာ ပြုလုပ်ပေးရ၏။ ရေနှင့်နီးသော မြစ်ချောင်းများအောက်ရှိ ဥမင်လိုဏ်ခေါင်းများတွင်မူ တစ်ခါ တစ်ရံ တစ်လက်မှ ရှစ်လက်မအထိထူသော ဆလင်ဒါပုံ သံမဏိနံရံများကို ပထမခံပေး၍ ထိုအောက်တွင် တစ်ဖန် အင်္ဂတေဖြင့်ထပ်၍ မွမ်းမံပေးလေ့ရှိသည်။

ကျောက်သည် အလွယ်တကူနှင့် မပြိုနိုင်သဖြင့် ကျောက် ဆောင် ကျောက်တောင်များတွင် ဥမင်လိုဏ်ခေါင်း ဖောက် လုပ်ရန်မှာ အလွယ်ဆုံးဖြစ်၏။ တောင်များတွင် ကျောက်ကို ဖောက်၍ တူးဖော်နေကြစဉ် တစ်ခါတစ်ရံ မြေသားနှင့်တွေ့၍ ထိုမြေသားသည်တူးနေရင်းမှပင် အထက်မှ တောင်၏ အလေးကြောင့် ပြိုကျ လာတတ်သည်။ ထိုသို့ ပြိုကျသောနေရာကို အလွန်ခိုင်ခံ့သော သစ်သားထောက်များကို မဆိုထားနှင့် သံမဏိ ထောက်များနှင့် ခံပေးသည့်တိုင်အောင် အလေးဒဏ်ကို မခံနိုင်သည့်အတွက် ကောက်ကွေးကာ ပုံပျက်သွားလေ့ ရှိသည်။ သို့သော် လူတို့သည် အင်္ဂတေနှင့် သံမဏိကို တွဲဘက်ပြီး အမျိုးမျိုး စမ်းသပ် ကြိုးစားကြရာ နောက်ဆုံး၌ ထိုအခက်အခဲ မျိုးကို ကျော်နင်းအောင်နိုင်ခဲ့ကြလေသည်။

လန်ဒန်မြို့တွင် မြေအောက်ဥမင်လိုဏ်ခေါင်းများကို တူးစဉ် က သံမဏိဖြင့် ပြုလုပ်ထားသော လမ်းထွင် ပြွန်ကြီးတစ်မျိုးကို အသုံးပြုခဲ့သည်။ ပြွန်၏ရှေ့ဘက် အနားစောင်းကို ထက် အောက်လုပ်ထား၍ ပြွန်ကို ရေဖိအားစက်ဖြင့် တွန်းပေးသော အခါ မြေထဲသို့ နစ်ဝင်သွားသည်။ အလုပ်သမားများသည် ပြွန်ထဲ၌ ပြွန်ရှေ့ ဘက်ရှိ မြေများကိုတူး၍ ပြွန်နောက်ဘက်မှ ထုတ်ပစ်ကြသည်။ ဤသို့ တူးဖော်ရင်း ပြွန်နောက်ဘက်၌ ဥမင်၏ အတွင်းခံနံရံကို ဆောက်လုပ်ယူသွားသည်။ လမ်းထွင် ပြွန်တစ်ခုလျှင် ခြောက်ပေမှ ပေ ၃ဝ အထိ ရှည်၍ တန် ၄ဝ မှ ၈ဝ အထိ လေး၏။ ပြွန်အတွင်း၌ နံရံကဲ့သို့ ထောင်လိုက် အကာအဆီး တစ်ခုပါရှိ သည်။ ထိုနံရံတွင် တံခါးများ တပ်ဆင်ထား၍ ရုတ်တရက် ရေပန်းထွက်သောဘေးမျိုး ပေါ်ပေါက်လာပါက အဆိုပါ တံခါးများကို လျင်မြန်စွာ ပိတ်လိုက်နိုင်သည်။ အချို့သောပြွန်မျိုးတွင်မူ အလုပ်သမားများ တူးဖော်နေကြသော နေရာများရှိမြေမှ ရေမထွက်နိုင်အောင် လေကို ဖိအားကြီးစွာဖြင့် သွင်းပေးထားသည်။

ရေတိမ်သော အရပ်ဒေသများတွင် ဥမင်လိုဏ်ခေါင်းတူး လိုသောအခါ ပထမရေအောက်မြေပြင်တွင် မြေတူးစက်ဖြင့် မြောင်းများ ဖောက်လုပ်ပေးသည်။ ထိုနောက် ဥမင် လိုဏ်ခေါင်းများတွက် အမာခံဖြစ်သော ပြောင်းလုံးပုံ သံမဏိ ပြွန်လုံးကြီးများကို ဖောင်များဖြင့် ရေတွင်မျှောယူ၍ အဆိုပါ မြောင်းထဲသို့ ချပေးသည်။ သံမဏိပြွန်များကို ဆက်ပေးပြီး နောက် အတွင်းအပြင် နှစ်ဘက်စလုံးတွင် အင်္ဂတေများဖြင့် မံပေးသောအခါ ရေအောက်ဥမင်လိုဏ်ခေါင်း ဖြစ်လာသည်။ အမေရိကန်ထောင်ပြည်စု ဆန်ဖရန်စစ္စကိုမြို့ရှိ ပိုစီဥမင် လိုဏ် ခေါင်းကို ထိုနည်းဖြင့် ဆောက်လုပ်ထားပေသည်။ တစ်ခါတစ်ရံ ဥမင်လိုဏ်ခေါင်းကို ဖောက်လုပ်သည့်အခါ တစ်နေရာတည်းမှ နေ၍ အစအဆုံးတောက်လျှောက် မဖောက်ပဲ ထိပ်နှစ်ဘက်မှ ပြိုင်တူ ဖောက်လာပြီးမှ မြေအောက်တစ်နေရာတွင် တွေ့ဆုံ ဆက်စပ်ယူကြသည်။

ကမ္ဘာပေါ်တွင် အရှည်ဆုံး မီးရထား ဥမင်လိုဏ်ခေါင်းမှာ ဆွစ်ဇာလန်နိုင်ငံ အဲ့လပတောင်ရှိ ဆင်ပလုန် ဥမင်လိုဏ် ခေါင်းပင် ဖြစ်၏။ အရှည် ၁၂ ၁/၄ မိုင်ရှိ၍ စတာလင်ပေါင် သုံးသန်းမျှ ကုန်ကျခဲ့၏။ ၁၈၉၈ ခုနှစ်တွင် စတင် ဆောက် လုပ်ရာ ၁၉ဝ၅ ခုနှစ်တွင်မှ ပြီးစီးလေသည်။ ဤဆင်ပလုန် ဥမင်လိုဏ်ခေါင်းအပြင် ဆွစ်ဇာလန်နိုင်ငံ၌ အခြားဥမင်လိုဏ် ခေါင်း ၆ဝဝ ကျော်မျှ ရှိပေသေးသည်။

အမေရိကန်နိုင်ငံရှိ အရှည်ဆုံး မီးရထား ဥမင်လိုဏ်ခေါင်း မှာ ကက်စကိတ်တောင်ကို ဖောက်လုပ်ထားသော ကက်စကိတ် ဥမင်လိုဏ်ခေါင်းဖြစ်၍ ရှစ်မိုင်ခန့်ရှည်၏။ ထိုဥမင်လိုဏ်ခေါင်း အတွက် ဒေါ်လာ ၁၆ သန်းမျှ ကုန်ကျသော်လည်း ဖောက်လုပ် ရာတွင် ၁၈ လခန့်သာ ကြာခဲ့လေသည်။ အခြားထင်ရှားသော ဥမင် လိုဏ်ခေါင်းများလည်း အများပင် ရှိလေသည်။

ဥမင်လိုဏ်ခေါင်းများကို ယာဉ်ရထားများ သွားလာရန်သာ မဟုတ်၊ ရေသယ်ဆောင်ရန် အတွက်လည်း အသုံးပြုခဲ့ကြရာ ပြင်သစ်နိုင်ငံရှိ ရေသွယ်ဥမင်လိုဏ်ခေါင်းကြီးတစ်ခုမှာ မာဆေး နှင့် ရုန်းမြစ်ကို ဆက်ထား၍ လေးမိုင်ကျော်ကျော်မျှသာ ရှည် သော်လည်း သာမန်မီးရထား ဥမင်လိုဏ်ခေါင်းထက် ခြောက်ဆ မျှ ကြီးလေသည်။ အမေရိကန်နိုင်ငံတွင် ကာလီဖိုးနီးယား တောင်ပိုင်းရှိ မြို့များသို့ မိုင်ပေါင်း ၂၄ဝ ကျော်ဝေးသော ကော်လိုရာဒိုမြစ်မှ ရေသယ်ပေးသည့်ကော်လိုရာဒိုရေသွယ်ပြွန် ကြီးသည် ရေသွယ်ဥမင်လိုဏ်ခေါင်း အထပ်ထပ်ကို ကျော်ဖြတ် ခဲ့ရ၍ အဆိုပါ ရေသွယ်ဥမင်လိုဏ်ခေါင်းတို့၏ စုစုပေါင်း အရှည်မှာမိုင်ပေါင်း ၁ဝ၈ မိုင်မျှ ရှိလေသည်။ ဒဲလဝဲယားမြစ်မှ နယူးယော့မြို့သို့ ရေသွယ်ပေးသော အနောက်ဘက် ကက်စကီး ရေသွယ်ပြွန် တွင်မူ ၈၅ မိုင်မျှရှည်သော ရေသွယ်ဥမင်လိ်ုဏ် ခေါင်းတစ်ခုပါရှိ၍ ယင်းမှာ ကမ္ဘာပေါ်တွင် အရှည်ဆုံးရေသွယ် ဥမင်လိုဏ်ခေါင်းပင်ဖြစ်၏။ နယူးယော့မြို့သည် ကျွန်းပေါ်တွင် တည်ရှိသည့်အလျောက် အနီး ပတ်ဝန်းကျင်ရှိ မြို့များသို့ လွယ်ကူစွာ သွားလာနိုင်ရန် ကျွန်းကို ဝိုင်းရံထားသည့် မြစ်များအောက်မှ မြေအောက်ဥမင်လိုဏ် ခေါင်းအများပင် ဖောက်လုပ်ထားရလေသည်။

ဥမင်လိုဏ်ခေါင်းများကို မည်သည့်ခေတ်ကစ၍ မည်သည့် ကိစ္စများကြောင့် ဖောက်လုပ်ခဲ့ကြပုံကို ပြဆိုခဲ့ပြီ။ ယခုအခါ ကမ္ဘာတစ်ဝန်းလုံး၌ ထောင်ပေါင်းများစွာသော ဥမင်လိုဏ်ခေါင်း များကို ဖောက်လုပ်အသုံးချလျက် ရှိ၍ နောင်တွင်လည်း ဖောက်လုပ်ဦးမည်ဖြစ်၏။ သို့ရာတွင် ဥမင်လိုဏ်ခေါင်း ဖောက် လုပ်ရာ၌ တွေ့ကြုံ ရတတ်သော အခက်အခဲများသည် တစ် နေရာနှင့်တစ်နေရာ မတူပဲ ကွဲပြားလေ့ရှိသည့်အတိုင်း ထို အခက်အခဲများကို လက်တွေ့ အောင်မြင်စွာ ကျော်နင်း ဖြေရှင်းနိုင်ခဲ့ခြင်းမှာ အင်ဂျင်နီယာအတတ်ပညာ၏ အံ့ဩချီးကျူးဘွယ် တစ်ရပ်ပင် ဖြစ်ပေတော့သည်။[၁]


ဥမင် (Tunnel)ဆိုသည်မှာ မြေအောက် (သို့မဟုတ်) ရေအောက်ဖြတ်လမ်း တစ်မျိုးဖြစ်ပြီး ပုံမှန်အားဖြင့် ရေပြင်ညီ လမ်းကြောင်းများဖြစ်သည်။ ယေဘူယျအားဖြင့် ၎င်း၏ အလျားသည် အကျယ်ထက် အနည်းဆုံးနှစ်ဆ ရှိသော မြေအောက်လမ်းကို ဥမင်အဖြစ် ယူဆသတ်မှတ်ကြသည်။ ထို့ပြင် လမ်း၏ ဘေးဘက်နံရံအားလုံး အပိတ်ဖြစ်ရမည့်အပြင် အဆုံးများ၌ ဝင်/ထွက်ပေါက်များ ပါရှိရမည်ဖြစ်သည်။ အချို့သော မြို့ပြစီမံကိန်း ရေးဆွဲသူများက ဥမင်တစ်ခုသည် အနည်းဆုံး အလျား ၀.၁ မိုင်(၀.၁၆ ကီလိုမီတာ) ရှည်လျားရမည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြပြီး ထို့ထက်တိုတောင်းပါက မြေအောက်အခန်းငယ် အဖြစ်သာ ခေါ်ဝေါ်ကြသည်။ ဥပမာအားဖြင့် အချို့သော မြေအောက်ဘူတာရုံများ၊ မြေအောက် ဖြတ်လမ်းများသည် အလျားနှင့်အနံကွာဟချက် မကြီးမားပေ။

မီးရောင်စုံများနှင့် လှပနေသော လူသွားလမ်းဥမင်၊ ဒက်ထရွိုက် လေဆိပ်

ဥမင်များတွင် လမ်းသွားလမ်းလာနှင့် စက်ဘီးစီးသူများအတွက် လမ်းကူးလူသွားဥမင်များ၊ မော်တော်ကားလမ်းဥမင်များ၊ ရထားလမ်းဥမင်များနှင့် ရေလမ်းဥမင်များ၊ ရေပေးဝေအတွက် ရေသွယ်ဥမင်များ၊ ရေအားလျှပ်စစ်ထုတ်ယူသော ဥမင်များနှင့် ရေဒီယိုကြေးနန်း အစရှိသည့် ဆက်သွယ်ရေး ဆက်ကြောင်းဥမင်များ စသည်များလည်း ရှိသည်။ အချို့သော ဥမင်များသည် တနေရာမှ တနေရာသို့ သွားလာရန်သို့မဟုတ် ထွက်ပြေးလွတ်မြောက်ရန် ဖောက်လုပ်ထားသော လျှို့ဝှက်ဥမင်များ ဖြစ်ကြပြီး အထူးသဖြင့် ရှေးဟောင်းခံတပ်များတွင် အများဆုံးတွေ့ရသည်။

စင်္ကာပူရှိ အရှေ့မြောက် MRT လိုင်း၏ ဥမင်အတွင်းပိုင်း

အရှည်လျားဆုံးသော ရေလမ်းဥမင်မှာ ဗြိတိန်နိုင်ငံရှိ Standedge Tunnel)ဖြစ်ပြီး၊ သုံးမိုင်ကျော် (၅ ကီလိုမီတာ) ရှည်လျားသည်။ ရေလမ်းဥမင်များအနက် အရွယ်အစား အကြီးဆုံးဥမင်မှာ ပြင်သစ်နိုင်ငံ မာဆေးလ်နှင့် Marseille-Rhône Canal)၏ တောင်ဘက်ပိုင်းတွင်ရှိသော ရော့ဗ်ရေလမ်းဥမင်[၂] ဖြစ်သည်။ ဥမင်အလျား ၇ ကီလိုမီတာ ရှည်လျားပြီး ဥမင် အမိုးခုံးထိအမြင့်မှာ ၁၅.၄ မီတာနှင့် အကျယ် ၂၂ မီတာရှိကာ ၁၉၂၇ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။

ဗြိတိန်နိုင်ငံတွင် လမ်းကူးလူသွားဥမင်များနှင့် အခြားသော ကားလမ်းဖြတ်ဥမင်များကို မြေအောက်လမ်းကူးဥမင် (subway)ဟု သုံးနှုန်းကြပြီး ထိုအသုံးအနှုန်းမှာ အမေရိကန်နိုင်ငံတွင် မြေအောက်မီးရထားလမ်းစနစ် ကိုခေါ်ဆိုခြင်း ဖြစ်သည်။

မာတိကာ

Other Languages
Afrikaans: Tonnel
Alemannisch: Tunnel
aragonés: Túnel
العربية: نفق
asturianu: Túnel
беларуская: Тунэль
беларуская (тарашкевіца)‎: Тунэль
български: Тунел
भोजपुरी: सुरंग
বাংলা: সুড়ঙ্গ
brezhoneg: Riboul
bosanski: Tunel
català: Túnel
کوردی: تونێل
čeština: Tunel
dansk: Tunnel
Deutsch: Tunnel
Ελληνικά: Σήραγγα
English: Tunnel
Esperanto: Tunelo
español: Túnel
eesti: Tunnel
euskara: Tunel
فارسی: تونل
suomi: Tunneli
français: Tunnel
Gaeilge: Tollán
galego: Túnel
עברית: מנהרה
हिन्दी: सुरंग
hrvatski: Tunel
Kreyòl ayisyen: Tinèl
magyar: Alagút
հայերեն: Գետնուղի
Bahasa Indonesia: Terowongan
Ido: Tunelo
íslenska: Jarðgöng
日本語: トンネル
ქართული: გვირაბი
қазақша: Туннель
ಕನ್ನಡ: ಸುರಂಗ
한국어: 터널
Кыргызча: Тоннель
Lëtzebuergesch: Tunnel
lietuvių: Tunelis
latviešu: Tunelis
олык марий: Тоннель
македонски: Тунел
മലയാളം: തുരങ്കം
монгол: Туннел
मराठी: भुयार
Bahasa Melayu: Terowong
Nederlands: Tunnel
norsk nynorsk: Tunnel
norsk: Tunnel
occitan: Tunèl
português: Túnel
română: Tunel
русский: Тоннель
Scots: Tunnel
srpskohrvatski / српскохрватски: Tunel
Simple English: Tunnel
slovenčina: Tunel
slovenščina: Predor
српски / srpski: Тунел
svenska: Tunnel
తెలుగు: సొరంగం
тоҷикӣ: Ағба
Türkçe: Tünel
українська: Тунель
oʻzbekcha/ўзбекча: Tunnel
Tiếng Việt: Hầm (giao thông)
吴语: 隧道
中文: 隧道
粵語: 隧道