အီတလီနိုင်ငံ

အီတလီ သမ္မတ နိုင်ငံ
အီတလီ
အီတလီနိုင်ငံ၏ အလံတော်
အီတလီနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အလံတော်အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: Il Canto degli Italiani
အီတလီနိုင်ငံ ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
ရောမမြို့
ရုံးသုံး ဘာသာစကားများအီတလီဘာသာ
အမျိုးအစားသမ္မတ ဦးစီးသော ပါလီမန် စနစ်
အစိုးရ
• သမ္မတ
ဆာဂျီယို မာတာရယ်လာ
• ဝန်ကြီးချုပ်
ဂျုဇက်ပေ ကွန်တေ
တည်ထောင်
• ပေါင်းစည်းခြင်း
မတ်လ ၁၇ ရက် ၊ ၁၈၆၁
• သမ္မတနိုင်ငံ ထူထောင်ခြင်း
ဇွန်လ ၂ရက် ၁၉၄၆
ဧရိယာ
• စုစုပေါင်း
၃၀၁,၃၃၈ စတုရန်း ကီလိုမီတာ (၁၁၆,၃၄၆ စတုရန်းမိုင်) (အဆင့်: ၇၁)
• ရေထု (%)
၂.၄
လူဦးရေ
• ခန့်မှန်း
၆၀,၄၁၈,၇၁၁ (အဆင့် - ၂၃)
• သိပ်သည်းမှု
၂၀၀.၅/km² (၅၁၉.၃/sq mi) (အဆင့် - ၅၄)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
၁.၇၄၀ ထရီလီယံ
• Per capita
US $၂၉,၁၀၉
HDI၀.၈၅၄
အလွန်မြင့် · ၂၃
ငွေကြေးယူရို (€)
အချိန်ဇုန်+၁
တယ်လီဖုန်းကုဒ်+၃၉
Internet TLD.it


အီတလီနိုင်ငံ (ရုံးသုံး ဘာသာစကားအားဖြင့် အီတလီသမ္မတနိုင်ငံ )သည် ဥရောပ တောင်ဖက် အလယ်ပိုင်းတွင် တည်ရှိသော နိုင်ငံ ဖြစ်သည်။ မြောက်ဖက်တွင် ပြင်သစ်နိုင်ငံဆွစ်ဇာလန်နိုင်ငံဩစတြီးယားနိုင်ငံ နှင့် စလိုဗေးနီးယားနိုင်ငံတို့သည့် အယ်လ်ပ် တောင်တန်း တလျှောက်တွင် တည်ရှိကြသည်။ တောင်ဖက်တွင်မူ အီတလီကျွန်းဆွယ်နှင့် မြေထဲပင်လယ်တွင် အကြီးဆုံး ကျွန်းနှစ်ကျွန်း ဖြစ်သော စစ္စလီကျွန်းနှင့် ဆာဒီးနီးယားကျွန်း တို့နှင့် အခြားသော ကျွန်းငယ်ပေါင်းမြောက်များစွာတို့ ရှိကြသည်။ တသီးတခြား လွတ်လပ်သော နိုင်ငံများ ဖြစ်ကြသော ဆန်မာရီနိုနိုင်ငံနှင့် ဗာတီကန်စီးတီး တို့သည် အီတလီနိုင်ငံကုန်းမြေ အတွင်းတွင် တည်ရှိကြသည်။ Campione d'Italia မှာမူ အီတလီ နိုင်ငံပိုင် ဖြစ်သော်လည်း ဆွစ်ဇာလန်နိုင်ငံ အတွင်းဖက်တွင် တည်ရှိသည်။ အီတလီနိုင်ငံ ပိုင် မြေဧရိယာမှာ ၃၀၁,၃၃၈ စတုရန်းကီလိုမီတာ (၁၁၆,၃၄၇ စတုရန်းမိုင်) ရှိသည်။ လူဦးရေ ၆၀.၄ သန်း ရှိသဖြင့် ဥရောပတွင် ဆဋ္ဌမမြောက် လူဦးရေ အများဆုံး ဖြစ်ပြီး ကမ္ဘာပေါ်တွင် ၂၃ နိုင်ငံမြောက် လူဦးရေ အများဆုံး နိုင်ငံ ဖြစ်သည်။

အီတလီ နိုင်ငံသည် ဥရောပတိုက်၏ တောင်ဘက်တွင် မြေထဲ ပင်လယ်ထဲသို့ ထိုးထွက် နေသော ကျွန်းဆွယ်ကြီးတစ်ခုဖြစ်၍ ပုံသဏ္ဌာန်အားဖြင့် မြင်းစီးဖိနပ်နှင့် တူလေသည်။ မြောက်ဘက် မှ တောင်ဘက်အငူစွန်းအထိ မိုင်ပေါင်း ၇၅ဝ ခန့် ရှည်လျား ၍၊ ပျမ်းမျှမိုင် ၁ဝဝ မှ ၁၂ဝ ခန့်ကျယ်သည်။ အီတလီနိုင်ငံ၏ အကျယ်အဝန်းမှာ ဆာဒင်းနီးယားကျွန်း၊ စစ္စလီကျွန်းနှင့် အနီး ပတ်ဝန်းကျင်ရှိ ကျွန်းကလေး များ အပါအဝင် ၁၁၆၃ဝ၃ စတု ရန်းမိုင်ရှိ၍၊ ၁၉၇၄ ခုနှစ် ခန့်မှန်း သန်းခေါင်စာရင်းအရ အီတလီတနိုင်ငံ လုံးရှိ လူဦးရေမှာ ၅၅ သန်းခွဲကျော်ဖြစ်သည်။ ( ဆာဒင်းနီးယားကျွန်း။)

( စစ္စလီကျွန်း။)

အီတလီနိုင်ငံ၏မြောက်ဘက်တွင် ဆွစ်ဇာလန်နှင့်ဩစတြီးယားနိုင်ငံတို့ ရှိကြ၍၊ အရှေ့ဘက်တွင် ယူဂိုစလားဗီးယားနိုင်ငံနှင့် အေဒြီယက်တစ်ပင်လယ်၊အနောက်ဘက်တွင် တိုင်ရေနီးယန်းပင်လယ်နှင့် တောင်ဘက်တွင်စစ္စလီကျွန်းနှင့် မြေထဲပင်လယ်တို့ ရှိကြသည်။ အီတလီတစ်နိုင်ငံလုံးသည် တောတောင် ထူထပ်သည်။ အက်ပင်းနိုင်းတောင်တန်းသည် တောင်ဘက် အစွန်းတိုင်အောင် ကျောရိုးသဖွယ်ရှည်လျားစွာ တည်ရှိသည်။ ယင်းတောင်တန်းသည် မြောက်ပိုင်းတွင်အတော်နိမ့်ပြီးလျှင် အဲ့လပတောင်တန်းနှင့်ဆက်ကာ တည်ရှိ၏။အဲ့လပတောင်တန်းသည် အီတလီနိုင်ငံ၏ မြောက်ဘက်နယ်ခြားဖြစ်ရာဗြိတိသျှကျွန်းစု ကဲ့သို့ပင် ဥရောပတိုက်မကြီးနှင့် အဆက်အသွယ်မရှိပဲ တည်ရှိ နေသည်ဟု ဆိုနိုင်ပေသည်။ အဲ့လပတောင်တန်းတောင်ဘက်တွင် အေဒြီယက်တစ် ပင်လယ်ကမ်းခြေအထိကျယ်ပြန့်သောပိုးချိုင့်ဝှမ်း တည်ရှိ၏။ မြေဩဇာလည်းကောင်းမွန်သည့်ပြင် ယင်းချိုင့်ဝှမ်းကို လောင်းဗတ်လွင်ပြင်ဟူ၍ခေါ်သည်။ တစ်နိုင်ငံလုံးတွင် အတိုးတက် အစည်ကားဆုံးသော အပိုင်း ဖြစ်သည်။ ပိုးမြစ်သည် အီတလီနိုင်ငံတွင် အရှည်လျားဆုံးမြစ် ဖြစ်၏။ ဒုတိယအရှည်ဆုံးမြစ်မှာ အက်ဒစ်မြစ်ဖြစ်သည်။ ( ပိုးမြစ်။)

အီတလီနိုင်ငံမြောက်ပိုင်းတွင် အိုင်များ ပေါလှသည်။ ထင်ရှားသော အိုင်များတွင် ကော်မို၊ လူဂါနို၊ မက်ဂျိုရီနှင့် ဂါဒါအိုင်များ ပါဝင်သည်။ ထိုပြင် မီးသေတောင်များတွင် ရေတင်ရာမှ ဖြစ်ပေါ်လာသော အိုင်ကြီးများလည်း ရှိသေး၏။အလယ်ပိုင်းသို့ ရောက်သောအခါ အက်ပင်းနိုင်းတောင်တန်း သည် တဖြည်းဖြည်း မြင့်တက်လာ၏။ အချို့ တောင်ထွတ်များ မှာ ပေ ၈ဝဝဝ ကျော် ၉ဝဝဝ မြင့်သည့်ပြင် အချို့မှာ ၉ဝဝဝ ကျော်ကျော်ပင် မြင့်သေး၏။ တောင်တန်း၏ တစ်ဖက်တစ်ချက် ရှိ ဆင်ခြေလျှောများတွင် မြေဩဇာကောင်း၍ မိုးကောင်းစွာ ရွာသွန်းသဖြင့် စိုက်ပျိုးလုပ်ကိုင် အောင်မြင်သည်။ တောင်တန်း ၏အနောက်ဘက် ပင်လယ်ကမ်းရိုးတန်းပေါ်ရှိ နေပယ်ပင်လယ် ကွေ့သည် ကမ္ဘာပေါ်တွင် အသာယာဆုံးသောအရပ် ဖြစ်လေ သည်။ ဤဒေသတွင် အရေးပါဆုံးသော မြစ်ကြီးနှစ်သွယ်မှာ အာနိုနှင့် တိုင်ဗာမြစ်တို့ ဖြစ်၏။( တိုင်းဗာမြစ်။)

အာနိုမြစ် ပေါ်တွင် ဖလော်ရင့်မြို့ကြီး တည်ရှိ၍၊ တိုင်ဗာမြစ်ပေါ်တွင် အီတလီနိုင်ငံ၏မြို့တော်ရောမမြို့တော်ကြီး တည်ရှိလေသည်။ ( ရောမမြို့။)

( ဖလော်ရင့်မြို့-။)

တိုင်ဗာမြစ်နှင့် တပ်စကန်နီနယ်စပ်ကြားတွင် မီးမြုံတောင် များ ထူထပ်ပေါများ၏။ ရှေးအခါက ဤမီးတောင်တို့သည် ပြင်းထန်စွာ ပေါက်ကွဲခဲ့ဖူးသည်။ အီတလီနိုင်ငံ အလယ်ပိုင်းသို့ အက်ပင်းနိုင်း တောင်တန်းကြီးမှ ခွဲထွက်လာသော ကာရားရာ တောင်မှ ကျောက်ရုပ်တုများ ထုလုပ်ရာတွင် အသုံးပြုသည့် စကျင်ကျောက်များကို တူးဖော်ရရှိသည်။ အီတလီနိုင်ငံတောင်ဘက်ပိုင်းသို့ ရောက်သောအခါ အက်ပင်းနိုင်းတောင်တန်းသည်တဖြည်းဖြည်း နိမ့်ဆင်းသွားလေသည်။ အလယ်ပိုင်းကဲ့သို့တောတောင်မထူထပ်သဖြင့် အက်ပင်းနိုင်းတောင်တန်း၏အနောက်ဘက်တွင် ကမ်ပါနီ ယာလွင်ပြင်ကြီးနှင့် အရှေ့ဘက်တွင်ကျွဲနွား အကြီးအကျယ် မွေးမြူနိုင်သော အပျူလီယာမြက်ခင်းလွင်ပြင်ကြီး ရှိလေသည်။ နေပယ်ပင်လယ်ကွေ့ကမ်းပေါ်တွင်ကား ကမ္ဘာပေါ်တွင် အထင်ရှားဆုံးဖြစ်သည့်ဗီဆူဗီးယတ် မီးတောင်ကြီး ရှိသည်။( ဗီဆူဗီး ယတ်မီးတောင်။)

အီတလီနိုင်ငံ တောင်ဘက်စွန်းရှိ စစ္စလီကျွန်းပေါ်တွက်မူ အက်တနမီးတောင်ကြီးရှိ၏( အက်တနမီးတောင်။)

ထိုတောင်နှစ်ခု စလုံးမှာ ယနေ့ထက်တိုင် မီးခိုးတလူလူနှင့်ရှိနေသေးသည်ကို အဝေးကပင် တွေ့မြင်နိုင် လေသည်။အီတလီနိုင်ငံ၏ရာသီဥတုမှာ မြေထဲပင်လယ် ရာသီဥတုမျိုးဖြစ်၍နွေအခါတွင် ပူပြင်းခြောက်သွေ့ကာ ဆောင်းအခါတွင် မိုးရွာသွန်းလေသည်။တစ်နိုင်ငံလုံးတွင် မိုးအနှံ့အပြား ရွာသွန်းသော်လည်း ဆောင်းတွင်း၌သာရွာသွန်းသဖြင့် စိုက်ပျိုးရေးအတွက် အသုံးမဝင်လှချေ။ ပိုးမြစ်ဝှမ်းတွင် လွန်ကဲသော ရာသီဥတုမျိုးရှိ၏။ တစ်နိုင်ငံလုံးတွင် နေရောင်လိုသည်ထက်ပို၍ ရလေသည်။ ထိုကြောင့်လည်း နေသာရွှေပြည် အီတလီဟု တချို့က ခေါ်ဝေါ်ကြသည်။ အီတလီနိုင်ငံသည် အခြား တောင်ထူထပ်သောနိုင်ငံများ ကဲ့သို့ တွင်းထွက်ရတနာများဖြင့် မကြွယ်ဝလှချေ။ ကျောက်မီးသွေးမှအစ အခြားသတ္တုရိုင်းများ ချို့တဲ့မှုကြောင့် စက်မှုလက်မှုမထွန်းကားပဲ လက်လုပ်ပစ္စည်းများ ထုတ်လုပ်ရာ၌သာ ထင်ရှားခဲ့လေသည်။ အီတလီနိုင်ငံတွင် ၁၈၆၆ ခုနှစ် မတိုင်မီ အချိန်က သီးခြား ပြည်နယ်ပေါင်း ၁၈ နယ်ခန့် ရှိ၍၊ တစ်နယ်တမင်း အုပ်စိုးခဲ့ ကြလေသည်။ ထိုပြည်နယ်များမှာ ပီးဒမွန့်၊ လီဂူရီးယား၊ လောင်ဗာဒီ၊ ဗီနီးရှား၊ ဗီးနီးရှား ထရိုင်ဒင်းရှား၊ ဗီနီရှားဂျူ လီယားနှင့် ဇာရာ၊ အယ်မီးလီးယား၊ အဗရပ်ဇီနှင့် မိုလီစီ၊ တပ် စကန်နီ၊ မားချက်၊ အမ်ဗရီးယာ၊ လေဇီယို၊ ကမ်ပါနီယာ၊ အပျူလီယာ၊ လူကာနီယာ၊ ကာလာဗရီယာ၊ စစ္စလီနှင့် ဆာဒင်း နီးယား တို့ ဖြစ်ကြ၏။ ထိုပြည်နယ် ၁၈ နယ်တွင် ပီးဒမွန့်၊လီဂူးရီးယား၊ ဗီနီးရှား၊ အယ်မီးလီးယားနှင့် တပ်စကန်နီနယ်တို့ကို မြောက်ပိုင်း အီတလီဟုခေါ်၍၊ အမ်ဗရီးယား၊မားချက်၊ အဗရပ်ဇီနှင့် မိုလီစီနယ်တို့ကို အလယ်ပိုင်းဟုခေါ်ကြ၏။ ကျန်ပြည်နယ် များကို တောင်ပိုင်းဟုခေါ်လေသည်။မြောက်ပိုင်းမှာ စက်မှုလက်မှုလုပ်ငန်းများ အသင့်အတင့်ထွန်းကားခဲ့၍၊မော်တော်ကား၊ လေယာဉ်ပျံမှအစ သံမဏိပစ္စည်းများထုတ်လုပ်နိုင်သော်လည်း၊ များသောအားဖြင့် စက်ရုံများမှာတောင်ကျရေတံခွန်များမှ ရေအားဖြင့် လည်ကြ ရလေသည်။စက်မှုပစ္စည်းများမှတစ်ပါး လက်ရက်ပိုးထည်၊ အဆောက် အအုံများတွင်အသုံးပြုသည့် ကျောက်ဖြူများ၊ လက်ရက်မြက် ဦးထုပ်များထုတ်လုပ်သည်။ အလယ်ပိုင်းရှိ လွင်ပြင်နှင့်နေပယ် နှင့်တပ်စကန်နီတို့ အနီး အနားရှိ ဒေသများတွင် မြေဩဇာ ကောင်းမွန်၍၊ ပိုးမြစ်ဝှမ်းမှ ရေကောင်းစွာရသဖြင့် လယ်ယာ စိုက်ပျိုးရေး လုပ်ကိုင် အောင်မြင်သည်။ ဂျုံမှာ အဓိက ကောက်ပဲသီးနှံဖြစ်၍ ပြောင်းမှာ ဂျုံမစိုက်နိုင်သည့် နေရာတွင် စိုက်ပျိုးသော အသီးအနှံဖြစ်သည်။ စပါးကို လောင်ဗာဒီ၊ ပီးဒမွှန့်နှင့် အခြားနယ်များတွင် စိုက်ပျိုး၏။ အီတလီတစ်နိုင်ငံ လုံးတွင် စပျစ်နွယ်ပင်များကို စိုက်ပျိုးလေသည်။ သံလွင်သီးနှင့် သစ်အယ်သီးများမှာ အီတလီနိုင်ငံတွင် အများဆုံး အစားအစာများ ဖြစ်ကြသည်။ အီတလီနိုင်ငံ တောင်ပိုင်းထွက် ထင်ရှားသော သစ်သီးများမှာ လိမော်၊ ရှောက်၊ သဖန်း၊ ဗာဒမ်တို့ ဖြစ်၏။ ပိုက်ဆံလျှော်၊ ဘီသွာလျှော်၊ ဝါဂွမ်းတို့ကို အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်လေသည်။စားကျက်ကောင်းများ ပေါများရာ လောင်ဗာဒီနှင့် အယ်မီး လီးယားနယ်များတွင် ကျွဲနွားတိရစ္ဆာန်များကို မွေးမြူ၍ ဒိန်ခဲ လုပ်ငန်းများလည်းဖြစ်ထွန်း၏။ တောင်ထူထပ်သော ခရိုင် များတွင် သိုးများကို မွေးမြူ၍၊ ဆိတ်များကို အီတလီအလယ် ပိုင်းနှင့် တောင်ပိုင်း စစ္စလီကျွန်းတို့တွင် မွေးမြူကြလေသည်။ထွက်ကုန်ဝင်ကုန်များ လဲလှယ်ရာဖြစ်သော အချက်အခြာ ဆိပ်ကမ်း မြို့ကြီးနှစ်မြို့မှာ၊ အေဒြီယက်တစ် ပင်လယ်ကွေ့ရှိ ဗင်းနစ်မြို့နှင့် ဂျီနိုးအာပင်လယ်ကွေ့ရှိ ဂျီနိုးအာမြို့ကြီးများ ဖြစ် ကြလေသည်။ ရှေးခေတ်မှစ၍ ဗင်းနစ်နှင့် ဂျီနိုးအာမြို့သားများ သည် နိုင်ငံခြားနှင့် ဆက်သွယ်ရောင်းဝယ်ဖောက်ကား နေကြ သောကုန်သည်ကြီးများ ဖြစ်ကြသည်။ အခြား ဆိပ်ကမ်းမြို့ များမှာ စပိဇီးယား၊ လက်ဂဟွန်းရက်ဂျီယို၊ ပါလာမို၊ ဗြန်ဒိစီ စသည်တို့ ဖြစ်ကြသည်။ ထင်ရှားသော မြို့ကြီးများမှာ မြို့တော်ရောမ၊မီလန်၊ နေပယ်၊ တျူရင်၊ ဖလောရင့်၊ ဗိုလိုနှာ စသည်တို့ဖြစ်ကြ သည်။ ဣတာလျံ ကလေးသူငယ်များမှာ ခြောက်နှစ်အရွယ်မှ ၁၄ နှစ်အရွယ်တိုင်အောင် စာသင် ကျောင်းများတွင် မသင် မနေရ ဥပဒေများကို အတိအကျ လိုက်နာအောင် မဆောင်ရွက် နိုင်သည်က များသည်။ သို့ဖြစ်၍ ဣတာလျံလူမျိုး သုံးပုံနှစ်ပုံ ခန့်မှာ စာရေးစာဖတ် မတတ်သူများ ဖြစ်ကြ၏။ မြို့ကြီးများ တွင် နေထိုင်သူအားလုံးလိုလိုတွင် ပညာအခြေခံ အတော်အတန် ရှိသော်လည်း ကျောင်းများ ခပ်ကျဲကျဲတည်ရှိရာ တောင်ပိုင်း တွင်မူ အရေးအဖတ် မတတ်သူ ရာခိုင်နှုန်းမှာ ၉ဝ နီးပါးမျှ ဖြစ်မည်ဟု ခန့်မှန်းကြလေသည်။ ခြောက်နှစ်မှ ကိုးနှစ်အရွယ်အတွင်း ကလေးသူငယ်များမှာ အက်ရှီလီခေါ် မူလတန်းကျောင်းများတွင် တက်ရောက်သင်ကြား ရပြီးလျှင်၊ ကိုးနှစ်မှ ဆဲ့နှစ်နှစ်အရွယ်အတွင်း ကလေးသူငယ် များမှာ အောက်တန်း ကျောင်းများတွင် သင်ကြားရကာ၊ ၁၂ နှစ်မှ ၁၄ နှစ်အရွယ်အတွင်း ကလေးသူငယ်များမှာမူ အောက် တန်း လွန်တွင် ပညာသင်ကြားရလေသည်။ အလယ်တန်း ကျောင်း ကျောင်းများများတွင် စာကြီးပေကြီး သက်သက်ကို ဖြစ်စေ သိပ္ပံပညာရပ်များသက်သက်ကိုဖြစ်စေ၊ ဆရာအတတ် သက်သက်ကိုဖြစ်စေ သင်ကြားပေးလေသည်။ ထိုပြင်စိုက်ပျိုးရေးအတတ်၊ ကုန်သွယ်ရေးအတတ်နှင့်စက်မှုလက်မှုအတတ်သင်အလယ်တန်းကျောင်း များလည်း ရှိသေး၏။ အီတလီနိုင်ငံတွင်အနုပညာနှင့် ဂီတာပညာသင် ကျောင်းပေါင်း ၈ဝ ကျော်ခန့် ရှိသည်။ကမ္ဘာကျော် တက္ကသိုလ် ကျောင်းများလည်း ရှိ၏။ ၁၉၄၆ ခုနှစ်ဇွန်လတိုင်အောင် အီတလီနိုင်ငံမှာ ဘုရင်အုပ်စိုးသော နိုင်ငံဖြစ်ခဲ့ပေသည်။ထိုလတွင် သမ္မတနိုင်ငံအဖြစ် ကြေညာပြီးနောက် တိုင်းပြည်ပြုလွှတ်တော် ရွးကောက်တင် မြေ|ာက်ကာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲခဲ့ရာ၊၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ယင်းကို နောက်ဆုံး အတည်ပြုခဲ့လေသည်။ ထိုဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် ဆီးနိတ်လွှတ်တော် တည်းဟူသော ဥပဒေပြုလွှတ်တော်နှစ်ရပ်ကို လျာထား၍၊ ထိုလွှတ်တော်နှစ်ရပ် ပူးပေါင်းဆွေးနွေးလျှင် အမျိုးသားလွှတ်တော်ဟုခေါ်ရမည်ဟု ဆိုထားလေသည်။ ထိုအမျိုးသားလွှတ်တော်မှာ သမ္မတရွေးနိုင်ခွင့်၊ စစ်ကြေညာ နိုင်ခွင့်နှင့် စာချုပ်များချုပ်ဆိုနိုင်ခွင့် ရှိ၏။ ဒေသဆိုင်ရာ ကိုယ်ပိုင် လွပ်လပ်မှု အခွင့်အရေးများကိုလည်း ပေးထားသည်။ဗရင်ဂျီဂိုဏ်းသည် နိုင်ငံတော်၏အယူဝါဒဖြစ်၍၊ တစ်နိုင်ငံ လုံးရှိ လူ ၉ဝ ရာခိုင်နှုန်းက သက်ဝင်ယုံကြည်သည်။ ရောမမြို့သည် တစ်ကမ္ဘာလုံးရှိ ဗရင်ဂျီဂိုဏ်းဝင်တို့၏ ဌာနချုပ် ဖြစ်ပေသည်။အီတလီနိုင်ငံ၏အလယ်ပိုင်းတွင်ကား မြို့တော်ဖြစ်သော ရောမမြို့တည်ရှိ၏။ အလယ်ပိုင်းတွင် နေထိုင်သူ များမှာ များသောအားဖြင့် လယ်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးမြူကြ သူများ ဖြစ်ကြ၏။ စက်မှုလက်မှု လုပ်ငန်းမှာ မရှိသလောက် ပင် နည်းပါးသည်။ အလယ်ပိုင်းမှာ ပန်းချီ၊ ပန်းပု၊ ဂီတမှအစ အနုပညာကျော်များ အများဆုံး ပေါ်ထွက်ရာအရပ်ဖြစ်သည်။ အီတလျံတို့သည် အလှအပနှင့် သာယာမှုကို ခုံမင်သူများ ဟု ထင်ရှား၏။ အားလပ်သောနေ့များတွင် စုတ်စုတ်နုတ်နုတ် ဝတ်ဆင်ထားသော ဣတလျံအလုပ်သမားများကို အနုပညာ ပြတိုက်များတွင်လည်းကောင်း၊ တီးမှုတ်နေသည့် နေရာများတွင် စိတ်ပါဝင်စားစွာ နားထောင်နေကြသည်ကို လည်းကောင်း တွေ့မြင်ရတတ်သည်။ တောင်ပိုင်းသားများမှလည်း အလယ်ပိုင်းသားများထက်ပင် ခေတ်နောက်ကျသူများ ဖြစ်ကြ၏ များသောအားဖြင့်လယ်သမားများ သိုးထိန်းများသာ ဖြစ်ကြသည်။ တစ်နိုင်ငံလုံးရှိ မြေသုံးပုံနှစ်ပုံကို စိုက်ပျိုးလုပ်ကိုင်ကြ၏။ များမကြာမီ နှစ်များအတွင်း လူဦးရေ တိုးတက်လာ၍၊ ပိုးမြစ်ဝှမ်းမှတစ်ပါး အခြားနေရာများတွင်နေထိုင်မှုအဆင့်အတန်းမှာ နိမ့်ကျလှသည်။ စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားရာ မြောက်ပိုင်းရှိ မြို့များတွင်ကား နေထိုင်မှု ဆင့်အတန်းသည် အတော်မြင့်တက် လာပြီ ဖြစ်သည်။အီတလီနိုင်ငံသည် ဥရောပတိုက်သမိုင်းတွင် ခေတ်တိုင်း၌ ထင်ရှားခဲ့သော နိုင်ငံဖြစ်သည်။ ရောမနိုင်ငံတော်ကြီး ထွန်းကား စဉ်အခါက အီတလီသည် ကမ္ဘာအနောက်ပိုင်း၏ ဗဟိုဌာနကြီး တစ်ခု ဖြစ်ခဲ့၏။ အီတလီ ယဉ်ကျေးမှုသည် ဥရောပတိုက် တစ်တိုက်လုံးကိုသာမက အာဖရိကတိုက်မြောက်ပိုင်းနှင့် အရှေ့ ပိုင်းဘက်သို့ပင် ပျံ့နှံ့ခဲ့လေသည်။ အီတလီသည် ဥရောပ တိုက်၏ အမှောင်ခေတ်ကြီးကို ဖြိုခွင်းရာတွင် ခေါင်းဆောင် နိုင်ငံ ဖြစ်၍၊ ခေတ်ဆန်းချိန် စတင်ရာဒေသလည်း ဖြစ်ခဲ့၏။သမိုင်းတင်စခေတ်တွင် အီတလီနိုင်ငံအလယ်ပိုင်း၌ အီထရပ် လစကန်လူမျိုးတို့ နေထိုင်ခဲ့ကြသည်။( အီထရပ်စကန်လူမျိုး-။) ထိုနောက် ဂရိလူမျိုးတို့နှင့် နောင်အခါတွင် သွေးနှောကာ ဣတလျံလူမျိုးဟု ဖြစ် လာသောလူမျိုးစုတို့သည် အီတလီ တောင်ဘက်ပိုင်းနှင့် စစ္စလီကျွန်းသို့ တက်ရောက်အခြေစိုက်ခဲ့ကြ ၏။ ထိုနောက် တစ်ဖန် ဥရောပတိုက် အလယ်ပိုင်းမှ ဂေါ့လ လူမျိုးတို့သည် အီတလီနိုင်ငံမြောက်ပိုင်းမှ တစ်သုတ်ပြီး တစ်သုတ် ဝင်ရောက်လာကြပြီးလျှင် ပိုးမြစ်ဝှမ်းတွင် အိုးအိမ် ထူထောင်နေထိုင်ကြလေသည်။ နောက်ဆုံး အီတလီနိုင်ငံလုံးကို ရောမဘုရင်များ ကြီးစိုးလွှမ်းမိုးသည့် အချိန်တွင်ကား ဂျာမန် သွေးပါသည့် ဂေါ့သလူမျိုး တို့သည် အင်အားကြီးမားသောလူစု လူဝေးဖြင့် အီတလီမြောက်ပိုင်းသို့ ဝင်ရောက်လာကြလေသည်။ ထိုနောက် နှစ်ပေါင်း လေးရာခန့် ကြာမြင့်သောအခါ အီတလီ တောင်ဘက်ပိုင်းတွင် မွတ်စလင်များ ဖြစ်ကြသော အာရပ်လူမျိုး တို့ ဝင်ရောက်လာကြပြန်သည်။ ရောမနိုင်ငံတော်ကြီး ထူထောင် ခဲ့သည့်ခေတ်က အီတလျံလူမျိုးတို့သည် ထင်ရှားကျော်ကြားလာ လေသည်။ သို့ရာတွင် အီတလီနိုင်ငံသမိုင်းဟူ၍ သီးခြားမရှိ ခဲ့ဘဲ၊ ရောမနိုင်ငံတော်သမိုင်း၏ တစ်စိတ်တစ်ဒေသမျှ ဖြစ်ခဲ့ သည်။ ရောမနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးချိန် တိုင်မှသာလျှင် အီတလီနိုင်ငံသမိုင်းဟူ၍ မှတ်သားနိုင်ခဲ့ပေသည်။( ရောမနိုင်ငံ သမိုင်း။)

အေဒီ ၄၇၆ ခုနှစ်တွင် ရောမနိုင်ငံတော်ကို တိုက်ခိုက်သိမ်း ယူခဲ့သော အိုဒိုးဇားဘုရင်သည် မိမိကိုယ်မိမိ အီတလီဘုရင် ဟူသော အမည်ကို ခံယူသည်မှအစ အီတလီနိုင်ငံသမိုင်းမှာ တစ်ဦးတခြား ဖြစ်လာခဲ့လေသည်။ အိုဒိုးဇားဘုရင်ကို သီအိုဒိုရစ်ကလာရောက်တိုက်ခိုက်ပြီးနောက် အီတလီနိုင်ငံကို အော့စတြိုဂေါ့သဘုရင်စိုးမိုးအုပ်ချုပ်ခဲ့၏။ သီအိုဒိုရစ်သည် နိုင်ငံတော်ကို လိမ်မာရေးခြားစွာ အုပ်ချုပ်ခဲ့ရာ၊ နိုင်ငံမှာ အေးချမ်း သာယာ၍ စည်ပင်ဝပြောခဲ့ပေ သည်။ ၅၅၂ ခုနှစ်တွင် ဂေါ့သမင်းဆက်ပြတ်သွားပြီးနောက် အီတလီနိုင်ငံသည် ဗိုင်ဇင်းတိုင်နိုင်ငံတော်ကို မှီခိုအားထားခဲ့ရ လေသည်။ ထိုအချိန်တွင် ဂျာမန်အနွယ်ဖြစ်သော လောင်းဗတ် လူမျိုးတို့သည် အီတလီနိုင်ငံတွင်းသို့ တဖြည်းဖြည်း ဝင်ရောက် လာခဲ့ရာ ရောမမြို့ အနီးအနားသို့ပင် ရောက်ခဲ့လေသည်။ ထိုအခါ ရောမရဟန်းမင်းသည် ပြင်သစ်ဘုရင် ပက်ပင်၏ အကူအညီကို တောင်းယူကာ လောင်းဗတ်တို့အား တားဆီးရ လေသည်။ လောင်းဗတ်တို့ကို ပက်ပင်၏သားတော် ရှားလမိန်း ဘုရင်လက်ထက်သို့ ရောက်မှ အပြီးသတ်နှိမ်နင်းအောင်မြင်၍ ရှားလမိန်းသည် ဧကရာဇ်ဘုရင် အဖြစ်ကို ခံယူပြီးလျှင် ခမည်းတော် ပက်ပင်လက်ထက်က ရဟန်းမင်းသို့ ပေးအပ် ခဲ့သော လက်ဆောင်တော်မြေများကို ထပ်မံအတည်ပြု ပေးအပ် ခဲ့ပြန်၏။( ရှားလမိန်းဘုရင်။)

၈၃၄ ခုနှစ်တွင် ရှားလမိန်း၏နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးသွားသောအခါ ဥရောပတိုက်ရှိနိုင်ငံအသီး အသီးမှ ဘုရင်နှင့်ဧကရာဇ်မင်းတို့သည်အီတလီနိုင်ငံကို အုပ်စိုးရန် အားထုတ်ခဲ့ ကြသည်နှင့်အမျှနှစ်ပေါင်း ၁ဝဝ ကျော်မျှ အီတလီနိုင်ငံမှာ ဝင်ရောက်လုယက်တိုက်ခိုက်ဖျက်ဆီးခြင်း ခံခဲ့ရလေသည်။ ဤကဲ့သို့သော အဖြစ်ဆိုးမှာ၁၉၆၂ ခုနှစ်တွင် နန်းတက်သော ရောမသာသနာစောင့် ဧကရာဇ်ပထမ အော့တိုးလက်ထက်တွင် အဆုံးသတ် သွားလေသည်။( ရောမသာသနာစောင့်နိုင်ငံတော်။)

အလယ်ခေတ်တစ်လျှောက်လုံးတွင်ရောမ သာသနာစောင့် နိုင်ငံတော်ဧကရာဇ်မင်းတို့သည်အီတလီနိုင်ငံတော်ကို မိမိတို့ လုံးဝအာဏာဖြင့်အုပ်စိုးခွင့်ရှိ သည်ဟုယူဆခဲ့ကြသော်လည်း ဂျာမန်အုပ်စိုးမှုကို လက်မခံလိုသောအီတလီနိုင်ငံသားများသည် အမြဲပင် တော်လှန်ပုန်ကန်ခဲ့ကြလေသည်။ရောမသာသနာစောင့်နိုင်ငံတော် ဧကရာဇ်ဘုရင်တို့သည် အီတလီ နိုင်ငံတွင် အာဏာတည်မြဲရေးအတွက် ခက်ခဲစွာ တိုက်ခိုက်ကြ ရလေသည်။ ဧကရာဇ်မင်းတို့၏ အင်အားအကောင်းဆုံး အတိုက်အခံများမှာ ပုတ်ရဟန်းမင်းများပင် ဖြစ်ကြ၏။ ထိုသို့ ဧကရာဇ်နှင့် ပုတ်ရဟန်းမင်းတို့ အာဏာလုမှုများ အတောမသတ်မီအတွင်း အီတလီနိုင်ငံတွင် မီလန်၊ ဂျီနိုအာ၊ ဖလော်ရင့်၊ ပီစာ၊ ဗင်းနစ် စသည့်မြို့များသည် လွတ်လပ်သော သီးခြားပြည်နယ်ကလေးများ အဖြစ် တည်ထောင်လိုက်ကြလေ သည်။ ဤပြည်ထောင်ကလေးများသည် တဖြည်ဖြည်း အင်အား ကြီးမားလာရကား ယင်းတို့အပေါ်တွင် စိုးမိုးအုပ်ချုပ်လိုသော မှူးမတ်များကိုသာမက ဧကရာဇ်ဘုရင်တို့ကိုပင် တော်လှန်နိုင်ခဲ့ ၏။ ပုတ်ရဟန်းမင်းသည် ရံဖန်ရံခါ ပြည်ထောင်ကလေးများကို ကူညီခဲ့လေသည်။ ပြည်ထောင်ကလေးများ ထွန်းကားသောခေတ်တွင်အီတလီ တစ်နိုင်ငံလုံးလိုလိုပင် များစွာ တိုးတက်ခဲ့သော်လည်းပြည်ထောင်တိုင်းတွင် ပုတ်ရဟန်းမင်း၏ လူများနှင့်ဧကရာဇ်၏ လူများ အာဏာလုမှု အရှုတ်အထွေးများ ရှိခဲ့လေရာ တိုင်းပြည် တိုးတက်ရေးအတွက် မဆောင်ရွက်နိုင်လောက်အောင်ပင် အရှုပ် အထွေးများနှင့် အတော်အချိန်ကုန်ခဲ့ရလေသည်။ ပြည်ထောင်ကလေးများကိုအုပ်စိုးသော မင်းများမှာ သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်ချုပ်ခဲ့ကြ၍ထိုခေတ်ကို အီတလီနိုင်ငံ၏ သက်ဦးဆံပိုင်ခေတ်ဟု ခေါ်စမှတ်ပြုကြ၏။ယင်းသည့်ခေတ်က အီတလီအနုပညာနှင့် စာပေ သမိုင်းတွင် ထင်ရှားသောပုဂ္ဂိုလ် ကြီးများဖြစ်သည့် ဒန်တီ၊ တောမတ်အက်ကွိုင်နတ်၊ ပီဇာနို၊ ဒီကမ်ဗရိုတို့ ပေါ်ထွက်ခဲ့သည်။ ပြည်ထောင်မင်းများအနက် ဖလော်ရင့်ကို အုပ်စိုးသော မဲဒီချီ ဆွေမျိုးဆက်သည် အထင်ရှား ဆုံး ဖြစ်၍ အနုပညာနှင့်စာပေကို အထူးအားပေးခဲ့၏။( ဒန်တီ အလီဂျာရီ။)

( မဲဒီချီ။)

အီတလီနိုင်ငံတွင် ဤသို့ ပြည်ထောင်ငယ်ကလေးများ အကွဲကွဲအပြားပြား ဖြစ်နေခြင်းကြောင့် အနီးအနား တိုင်းပြည်များက ဝင်ရောက်သိမ်းပိုက်ရန် အခွင့်အလမ်းသာ ခဲ့၏။ ၁၄၉၄ ခုနှစ်တွင် ပြင်သစ်ဘုရင် အဋ္ဌမ ချားသည် နေပယ်ကို သိမ်းပိုက်လိုက်၏။ ထိုနောက် စပိန်နှင့်ရောမ သာသနာစောင့် နိုင်ငံတော် ဧကရာဇ် ပဉ္စမချားသည် အီတလီနိုင်ငံအလုံးကို တိုက်ခိုက် သိမ်းယူလိုက်လေသည်။ ဧကရာဇ်ပဉ္စမချားလက်ထက်တွင် အီတလီနိုင်ငံမှာ ရှေးကထက် အေးချမ်းသာယာစွာ ရှိလေသည်။ ထိုနောက် နှစ်ပေါင်း ၂ဝဝခန့်အတွင်း အီတလီနိုင်ငံရှိ ပြည်နယ်တို့မှာ ဥရောပတိုက်ရှိထီးဆောင်းမင်းများနှင့် ဣတာလျံမင်းသားများ သူတပြန် ကိုယ်တပြန်သိမ်းယူအုပ်စိုး ခြင်းကို ခံခဲ့ကြရ၏။ ယင်းသို့ အုပ်စိုးခဲ့ ရာတွင်မကြာခဏ နယ်လုစစ်ပွဲများ ဖြစ်ပွားခဲ့သည်။ အီတလီပြည်နယ်များကို တိုက်ခိုက်ရာတွင် ကြေးစား စစ်တပ်များကိုပင် အသုံးပြုခဲ့ကြ ပေသည်။ ပြင်သစ်တော်လှန်ရေး ပေါ်ပေါက်သောအခါ အီတလီ ပြည်နယ်များ စုစည်းကာ ပြင်သစ်ကို တိုက်ခိုက်ရန် ကြိုးစားခဲ့ ကြလေသည်။( ပြင်သစ်တော်လှန်ရေး-)

သို့ရာတွင် မအောင်မြင်ခဲ့ရုံမျှမက နပိုလီယန်က အီတလီကျွန်းဆွယ် တစ်ခုလုံးကို တိုက်ခိုက်ခြေမှုန်းခဲ့လေသည်။ ပြင်သစ် လက်အောက်သို့ ကျရောက်ရပြန်သော အီတလီပြည်နယ် များအနက် ဗင်းနစ်ကို ဩစတြီးယားသို့ ပေါင်းပေးခဲ့၍ ကျန်နယ်များကို သမ္မတ ပြည်ထောင် ငါးပြည်ထောင် ဖွဲ့စည်းတည်ထောင်ပေးခဲ့၏။ သို့ရာတွင် များမကြာမီပင် နပိုလီယန်သည်အီတလီ တစ်နိုင်ငံလုံးကိုပြန်၍ စုပေါင်း အုပ်စိုးကာ သူ၏ညီတော် ဂျိုးမ္ဘက်၊ ထိုနောက် ယောက်ဖတော် ယိုခင်မူရာတို့အား နေပယ်ဘုရင်အဖြစ် ကြေညာခဲ့သည်။ ပုတ်ရဟန်းမင်း သတ္တမပိုင်းယတ်အား ပြင်သစ်နိုင်ငံသို့ ခေါ် ဆောင်၍ အကျဉ်းချထားပြီးလျှင် သူ၏(နပိုလီယန်)မွေးစားသား အား ရောမဘုရင်အဖြစ် ကြေညာခဲ့သည်။ နပိုလီယန်သည်ဤသို့ အီတလီပြည်နယ်များကို အသစ် တစ်ဖန်ပြန်၍ ဖွဲ့စည်းလိုက်ခြင်းသည် ပြည်ထောင်ငယ်ကလေး များနှင့် အကွဲကွဲအပြားပြား နေထိုင်ခဲ့ရသော အီတလီနိုင်ငံရှိ လူများအား ခေတ်ဟောင်းတွင် ကွဲပြားနေသည့်အဖြစ်ကို မေ့ပျောက်စေကာ အီတလီနိုင်ငံသူနိုင်ငံသားအားလုံးမှာ သွေးတူသားတူများဖြစ်ကြကြောင်းကို သတိရလာစေခဲ့ရာ လွတ်လပ်လိုသော စိတ်ဓာတ်များပေါက်ဖွားတက်ကြွလာခဲ့ကြ လေသည်။ ၁၈၁၅ ခုနှစ်တွင် ကျင်းပသော ဗီယင်းနား အစည်းအဝေး ဆုံးဖြတ်ချက်များအရ အီတလီပြည်နယ်များသည် ဩစတြီး ယားနှင့် ပုတ်ရဟန်းမင်းတို့၏ လက်အောက်သို့ ရောက်သွား ခဲ့ပြန်လေသည်။ ဆာဒင်းနီးယား ကျွန်းကို အရေးတော်ပုံ အတွင်းက လက်လွှတ်ခဲ့ရသော ဆဗွိုင်းမင်းဆက်က ပြန်လည် အုပ်စိုး၏။ စစ္စစလီနှစ် ပြည်ထောင်ကို ဗူးဗွန်မင်းဆက် ဖာဒီနန် က ပြန်လည်အုပ်စိုး၍ ယခင်က ပုတ်ရဟန်းမင်း၏နယ်မြေများ ကို ပုတ်ရဟန်းမင်းပင်လျှင် ပြန်လည်ရရှိခဲ့လေသည်။ ကျန် နေရာများတွင် ဩစတြီးယန်းဘုရင်၏ အာဏာစက် ပျံ့နှံ့ ခဲ့လေသည်။ ထိုနောက် အီတလီပြည်သူပြည်သားတို့သည်တစ်နိုင်ငံလုံး သွေးစည်းရေးနှင့် လွတ်လပ်ရေးအတွက်လှုပ်ရှားစပြုလာကြ၏။ ဩစတြီယားကလည်း ဤသို့သောလှုပ်ရှားမှုများကို အပြင်းအထန် နှိပ်ကွက်ခဲ့၏။ သို့ရာတွင်အီတလီ ပြည်သူပြည်သားတို့၏ ဆန္ဒမှာလည်း ထိုအတူပြင်းထန်နေပြီ ဖြစ်သောကြောင့် အီတလီ နိုင်ငံတွင်း၌အုပ်စိုးသူ နိုင်ငံခြားသားများကို လျှို့ဝှက်စွာ လုပ်ကြံသတ်ဖြတ်မှုများပေါ်ပေါက်လာခဲ့လေသည်။ ၁၈၃၁ ခုနှစ်တွင် ဆာဒင်းနီးယားဘုရင်အဖြစ် ဆက်ခံသော ချားအဲလဗတ်သည် အီတလီနိုင်ငံစည်းလုံး လွတ်လပ်ရေးတွင်များစွာ စိတ်ပါဝင်စား၍ အီတလီနိုင်ငံရှိ ပြည်နယ်အသီးအသီး တို့ကလည်း ဆာဒင်းနီးယား ဘုရင်ကိုပင်အားကိုးအားထား ပြုလာကြ၏။ ထိုအချိန်တွင် စူးရှသောအမြင်ရှိသူခေါင်းဆောင် ကြီး ဂျူးဆက် မတ်ဇီနီသည် အီတလီစည်းလုံးလွတ်လပ်ရေးကို ရှေးရှုလျက် ပွင့်သစ်စအီတလီ ဟူသောအီတလီလူငယ်များ အဖွဲ့ကို ဖွဲ့စည်းလေသည်။( မတ်ဇီနီ ဂျီ-။)

ထိုပွင့်သစ်စ အီတလီအသင်း၏ လုပ်ငန်းစဉ်မှာ အခြားအသင်းအဖွဲ့များကဲ့သို့ လျှို့ဝှက်စွာ လုပ်ကြံ သတ်ဖြတ်ရန် မဟုတ်၊ပညာတတ်လူငယ်ကလေးများကို သိမ်းသွင်း စုရုံး၍ဆူပူထကြွရန်ဖြစ်လေသည်။ သူတို့၏ ရည်ရွယ်ချက်မှာ အီတလီနယ်မြေမှသက်ဦးဆံပိုင် အုပ်စိုးသူများကို အပြီးတိုင် မောင်းနှင်ထုတ်ပြီးနောက် တစ်ပြည်လုံး သွေးစည်းကာ သမ္မတနိုင်ငံထူထောင်ရန်ဖြစ်၏။၁၈၄၈ ခုနှစ်တွင် ဥရောပအနောက်ပိုင်းတစ်ခုလုံး တော်လှန်ရေးမီးတဟုန်းဟုန်းတောက်လောင်ခဲ့လေရာ၊ အီတလီပြည်သို့လည်း ကူးစက်ခဲ့လေသည်။တစ်နိုင်ငံလုံး ဆူပူသောင်းကျန်းမှုများ ပေါ်ပေါက်သဖြင့် နေပယ်နှင့်ဗင်းနစ်တို့တွင် စည်းမျဉ်း တကျ အုပ်ချုပ်သောအစိုးရအဖွဲ့များဖွဲ့စည်းခွင့် ပေးခဲ့ရလေသည်။ ခေါင်းဆောင်ကြီး မတ်ဇီနီ၏နောက်လိုက်များတွင် မျိုးချစ်ခေါင်းဆောင်ကြီးဂျူးဆက်ဂယ်ရီဗောဒီး၏ဆောင်ရွက်ချက်များမှာ အီတလီနိုင်ငံသမိုင်းတွင် ထင်ရှားလှပေသည်။ မတ်ဇီနီနှင့် ဂယ်ရီဗောဒီးတို့သည် ပုတ်ရဟန်းမင်း နဝမ ပိုင်းယတ် အုပ်စိုးလျက်ရှိသည့် ရောမမြို့ကို သိမ်းပိုက်ခဲ့ကြ လေသည်။ သို့ရာတွင် လာရောက်ကူညီ၍ ရောမမြို့ကို ပုတ် ရဟန်းမင်းသည် ပြန်လည်အုပ်စိုးရပြန်လေသည်။( ဂယ်ရီဗော ဒီးဂျီ-။)

ထိုအချိန်တွင် စစ္စလီကျွန်းကလည်း ဩစတြီးယား လက်အောက်မှ အလွတ်ရုံးနိုင်ခဲ့လေသည်။ ထိုမျှ မကသေး၊ ဆာဒင်းနီးယားဘုရင် ချားအဲလဗတ်သည် ၁၈၄၉ ခုနှစ်တွင် အရေးနိမ့်ခဲ့သဖြင့် ထီးနန်းစွန့်ရလေရာ သူ၏ သားတော် ဒုတိယ ဗစ်တာအီမန်းနျူးဆက်က ဆက်ခံ၏။ သူ၏ လက်ထက်တွင်လည်း လွတ်လပ် စည်းလုံးရေးစိတ်ဓာတ်များ သည် ခိုင်မြဲလျက်ပင် ရှိလေသည်။( ဗစ်တာအီမန်နျူးအယ်၊ ဒုတိယ-။)

ဗစ်တာအီမန်းနျူးအယ်သည် ဩစတြီယားနိုင်ငံမှပေးသော အခွင့်အရေးကို လက်မခံဘဲ အီတလီလွတ်လပ် စည်းလုံးရေးကို လုံးပန်းလျက် ၁၈၅၂ ခုနှစ်တွင် နောင်အခါ အီတလီတစ်နိုင်ငံ လုံး အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ခဲ့သူ ကောင့်ကဗူး အား သူ၏နန်းရင်းဝန်အဖြစ် ရွေးချယ်ခန့်ထားလိုက်လေရာ သူ၏လုပ်ငန်းစဉ် များသည် အထူးပင် အောင်မြင်ခဲ့လေသည်။ ကောင့်ကဗူးကား အမြော်အမြင်ကြီးမားလှသော တိုင်းပြည်ပြု သုခမိန်ကြီးပင်တည်း။( ကဗူးစီ၊ ဗီ-။)

ကဗူးသည်ပြင်သစ်ဘုရင် တတိယ နပိုလီယန်နှင့် ပူးပေါင်း၍ ဩစတြီးယားကို တိုက်ခိုက်ရန် အီမန်းနျူးအယ် ဘုရင်အား တိုက်တွန်းလေရာ ဘုရင်က သဘောတူခဲ့သဖြင့် ဣတလျံစစ် တပ်တို့သည် ပြင်သစ် စစ်တပ် များနှင့်ပူးပေါင်းကာ ဩစတြီး ယန်းတပ်တို့အား အီတလီမြောက်ပိုင်းမှ မောင်းထုတ်နိုင်ခဲ့ကြ လေသည်။ သို့ရာတွင် တတိယနပိုလီယန်သည် အီတလီ၏ဆန္ဒ မပြည့်မီ ဩစတြီးယားနှင့် စစ်ပြေငြိမ်းလိုက်သဖြင့် ဩစတြီး ယားတို့၏ လက်အောက်တွင် ဗင်းနစ်ပြည်နယ် ကျန်ရစ်ခဲ့လေ သည်။ ထိုအချိန်တွင် ဂယ်ရီ ဗောဒီးသည် လက်ရွေးစဉ် အီတလီ မျိုးချစ်သူရဲကောင်း ၁ဝဝဝ ခန့်နှင့်စစ္စလီကျွန်း ပေါ်မှ စတင် တိုက်ခိုက်ပြီးနောက် အီတလီကျွန်းပေါ်သို့ တက်ရောက်ခဲ့လေ သည်။ တောင်ပိုင်းသားတို့ကလည်း ပြင်သစ်စစ်တပ်များကို နေရာအနှံ့အပြားတွင် တစ်ပြိုင်တည်း တော်လှန်ကြလေသည်။ ပြင်သစ် လက်အောက် ခံ အီတလျံစစ်သား အပေါင်းတို့သည် လည်း ဂယ်ရီဗောဒီး၏ တော်လှန်ရေးစစ်တပ်ကြီးနှင့် ပူးပေါင်းကြသောကြောင့် ဂယ်ရီဗောဒီး၏ စစ်တပ်ကြီးသည် တမုဟုတ် ခြင်းပင် လူအင်အား လက်နက်အင်အား တောင့်တင်းလာလေရာများမကြာမီပင် နေပယ်မြို့တော်တွင်းသို့ အောင်တပ်ခင်းကာ ဝင်ရောက်နိုင်ခဲ့လေသည်။ သို့ဖြင့် စစ္စလီနှစ်ပြည်ထောင်မှာ ဗစ်တာ အီမန်းနျူးအယ်၏ ပိုက်နက်အတွင်း ပါဝင်ခဲ့လေသည်။ ၁၈၆ဝ ပြည့်နှစ် နိုဝင်ဘာလတွင် ဗစ်တာ အီမန်းနျူးအယ် အား အီတလီနိုင်ငံသစ်ကြီး၏ ဘုရင်အဖြစ် တင်မြေ|ာက် အုပ်စိုးစေခဲ့လေသည်။ ထိုအချိန်အထိ ပုတ်ရဟန်းမင်း အုပ်စိုး သော နယ်အချို့နှင့် ဗင်းနစ်ပြည်နယ်မှာ အီတလီနိုင်ငံသစ် အတွင်းသို့ မပါဝင်သေးချေ။ သို့ရာတွင် ၁၈၆၆ ခုနှစ်တွင် ဖြစ်ပွားသော ဩစတြီယား-ပရပ်ရှားစစ်ပွဲတွင် အီတလီတို့သည် ပရပ်ရှားဘက်မှ ကူညီခဲ့သဖြင့် ဗင်းနစ်မြို့မှ ဆုလာဘ်အဖြစ် ရရှိခဲ့လေသည်။ ရောမမြို့တော်နှင့်တကွ ပုတ်ရဟန်းမင်း အုပ်စိုးသော နယ်ပယ်များမှာမူ ပြင်သစ်စစ်တပ်များက ကာကွယ် ထားသဖြင့် အီတလီနိုင်ငံသစ်တွင် မပါဝင်ခဲ့သေးပဲ ၁၈၇ဝ ပြည့်နှစ်၌ ပြင်သစ်-ပရပ်ရှားစစ်ပွဲကြောင့် ပြင်သစ်စစ်တပ်များ ရုပ်သိမ်း သွားရသောအခါ ဗစ်တာအီမန်းနျူးအယ်ဘုရင်သည် အလုံး အရင်းနှင့်ချီတက် တိုက်ခိုက်သိမ်းပိုက်သဖြင့် ရောမမြို့တော်ကို ရရှိလေသည်။ သို့ဖြင့် ပုတ်ရဟန်းမင်းလည်း အခွင့်အရေး အာဏာများ ဆုံးရှုံးလျက် ရောမမြို့တော်အစွန်ရှိ ဗက်တီကင် မြို့တော်သို့ ပြောင်းရွှေ့နေထိုင်ရလေသည်။ ထိုအခါတွင် အီတလီနိုင်ငံသည် လုံးဝလိုလိုပင် စည်းလုံးမိလေတော့သည်။အီတလီနိုင်ငံ စည်းလုံးမိပြီးသည့်နောက် ဗစ်တာအီမန်းနျူး အယ်၏ တာဝန်များမှာ ပြည်တွင်းငြိမ်းချမ်းရေး စည်ပင် သာယာရေးပင် ဖြစ်၏။ ထိုတာဝန်များကို ၁၈၇၈ ခုနှစ်တွင် ဗစ်တာအီမန်းနျူးအယ် နတ်ရွာစံ၍ သူ၏သားတော် ဟမ်းဗတ်က ဆက်လက် ဆောင်ရွက်ရလေသည်။ ထိုအခါတွင် အီတလီနိုင်ငံနှင့် အနီးအနား ရှိ အီတလီပိုင်သင့်သည်ဟု ယူဆသောနယ်များကို ပူးပေါင်းရန် လိုလားသော သူတစ်စု၏ နိုင်ငံရေး လှုပ်ရှားမှုတစ်ခု ပေါ်ပေါက်ခဲ့လေသည်။ ၁၉ဝဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ချစ်ခင်လေးစားခြင်းခံရသော ဟမ်းဗတ်အား လုပ်ကြံသတ်ဖြတ်လိုက်ကြလေရာ သူ၏ သားတော် တတိယအီမန်းနျူးအယ် နန်းတက် လေသည်။ ထိုအခါ အီတလီနိုင်ငံကို ဥရောပနိုင်ငံကြီးတစ်ခုအဖြစ် အသိအမှတ် ပြုရေးအတွက်လည်းကောင်း၊ နယ်သစ်များရရှိရေး အတွက် လည်းကောင်း ကြိုးပမ်းခဲ့ရာတွင် ပြည်သူပြည်သား များမှာ အခွန်အတုတ် ကြီးလေးစွာ တောင်းခံခြင်း ခံရလေ သည်။ ၁၉ဝ၈ ခုနှစ်တွင် အီတလီတောင်ပိုင်းနှင့် စစ္စလီကျွန်း တစ်ပိုင်း၌ ပြင်းထန်သော မြေငလျင်ဘေးကြောင့် မြို့ပြပြည်ရွာ များ ပျက်စီးခဲ့၍ လူပေါင်း တစ်သိန်းငါးသောင်းကျော် သေကြေ ပျက်စီးခဲ့ရုံမက တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ရောဂန္တရကပ် ဖိစီးခြင်းကို နှစ်ပေါင်း အတန်ကြာ အပြင်းအထန် ခံစားလိုက်ရ သောကြောင့် အခြေအနေ အတော်ပင်ယိုင်ခဲ့ရလေသည်။ ယင်းသို့ အခြေယိုင်လာသောအခါ အီတလီနိုင်ငံမှာ ငြိမ်းချမ်း ရေး ဝါဒကို လက်ကိုင် မပြုနိုင်တော့ပဲ နယ်ချဲ့ရန် ကြိုးစားရ လေတော့သည်။ ရှေးဦးစွာ အာဖရိကတိုက်ရှိ အီရစ်ထရီးယားနှင့်ဆိုမာလီလန် နယ်မြေအချို့ကို သိမ်းပိုက်လေသည်။ ထိုနောက် တူရကီ ပိုင် တြိပိုလီနယ်ရှိ အီတာလျံ လူမျိုးများကို ကာကွယ်ရန် ဟူသော အကြောင်းပြချက်ဖြင့် တူရကီကို စစ်ကြေညာလိုက် လေသည်။ ထိုစစ်ပွဲတွင် အီတလီသည် တူရကီတို့ထံမှ တြိပို လီနယ်ကို ရရှိ လိုက်၏။ ထိုအချိန်တွင် အီတလီနိုင်ငံတွင်း၌ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အတော်ပင် ဆူပူလာခဲ့လေသည်။ နိုင်ငံရေးခေါင်းဆောင်များအနက် ဆိုရှယ်လစ်အဖွဲ့၏ကြွေးကြော် သံ အဗန်တီ သတင်းစာ၏ အယ်ဒီတာချုပ် ဗင်နီတိုမူဆိုလီနီ သည် ပြည်ရေးပြည်ရာအဖြာဖြာကို သူ၏သတင်းစာမှ ပြင်းထန်စွာ ဝေဖန်ရေးသားသဖြင့် ထင်ရှားလာလေသည်။ ( မူဆိုလီနီဗင်နီတို-။)

၁၈၈၂ ခုနှစ်မှစ၍ အီတလီနိုင်ငံသည်ဂျာမနီ၊ ဩစတြီးယားတို့နှင့် သုံးပြည်ထောင် မဟာမိတ်စာချုပ်ချုပ်ဆိုထားခဲ့သည် မှန်သော်လည်း ပြင်သစ်နိုင်ငံနှင့်သာ ပိုမိုရင်းနှီးစွာ ဆက်ဆံခဲ့သောကြောင့် ၁၉၁၄ ခုနှစ် တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားသောအခါ ပြင်သစ်၊ အင်္ဂလိပ်နှင့်ရုရှတို့ ပါဝင်သော မဟာမိတ်နိုင်ငံများ ဘက်မှ ပါဝင်ရန် သေချာသလောက် ဖြစ်ခဲ့၏။ ပထမကမ္ဘာစစ် စတင်ဖြစ်ပွားသောအခါ အီတလီနိုင်ငံသည် ရုတ်တရက် ပါဝင်တိုက်ခိုက်ခြင်း မပြုသေးပဲ ၁၉၁၅ ခုနှစ် မေလအထိ စစ်ထဲသို့ ဝင်ရေးမဝင်ရေးတွင် အမျိုးမျိုး ဝေဖန် ဆွေးနွေးခဲ့ကြလေသည်။ မူဆိုလီနီသည် သူ၏သတင်းစာမှနေ၍ ဤစစ်ကြီးတွင် အီတလီသည် မဟာမိတ်နိုင်ငံများဘက်မှ ပါဝင် တိုက်ခိုက်ရန် အပြင်းအထန် လှုံ့ဆော်ရေးသားခဲ့လေသည်။ ( ကမ္ဘာစစ်၊ ပထမ-။)

၁၉၁၅ ခုနှစ် မေလတွင် အီတလီနိုင်ငံသည် ဩစတြီးယား၊ ဟန်ဂေရီနိုင်ငံများကို စစ်ကြေညာလိုက်လေသည်။ ထိုနောက် တွင် ဆက်လက်၍ ဗူလဂေးရီးယား၊ တူရကီနှင့် ဂျာမနီနိုင်ငံ တို့ကိုလည်းလည်း စစ်ကြေညာခဲ့၏။ ယင်းသို့ အီတလီနိုင်ငံ ပါဝင်လာသည့်အတွက် မဟာမိတ်နိုင်ငံများမှာ များစွာ အထောက်အကူရရှိခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် ရုရှားဘက်မှစစ်ရေးမသာခိုက် ဂျာမန်တို့အင်အားတောင့်တင်းလာသောကြောင့် အီတလီတို့သည် မိုင်ပေါင်းများစွာဆုတ်ခဲ့ရလေသည်။ သို့ရာတွင် နောက်တစ်နှစ်၌ အားသစ်အင်သစ်ဖြည့်တင်းပြီးဖြစ်သော အီတလီစစ်တပ်များက ဩစတြီးယားကိုအပြုတ်တိုက် ထုတ် နိုင်ခဲ့လေသည်။ ၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နေ့တွင် စစ်ကြီးပြီးဆုံးနိုင်ခဲ့ခြင်းမှာ အီတလီတို့၏ လျင်မြန် လှသော အောင်မြင် မှုများကြောင့်လည်း ဖြစ်ပေသည်။ စစ်ကြီး အပြီးတွင် အီတလီသည် ဝေစုအဖြစ် ဗီနီးရှား၊ ထရိုင်ဒင်ရှား၊ ဂေါရိဇားနှင့် ဂရေဒစ်စကား၊ ထရိယက်စဘီ၊ အစ္စတြီးယား ဇာရာ၊ ဒါလမေရှားပြည်နယ်တွင် ပါဝင်သော ကျွန်းကလေးများ နှင့် ဖီးယမ်းနယ်မြေများကို ရရှိခဲ့သည်။ စစ်ပွဲတွင် လူပေါင်း ခြောက်သိန်းကျော်သေ၍ တစ်သန်းကျော် ဒဏ်ရာရခဲ့လေသည်။ မူဆိုလီနီသည်လည်း စစ်ထဲသို့ ပါဝင်ခဲ့၍ ဒဏ်ရာရရှိခဲ့၏။စစ်ကြီး ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် အီတလီနိုင်ငံတွင်း၌ နိုင်ငံရေးနှင့် စက်မှုလက်မှု အလုပ်သမားများ အရေးသည် ရှုပ်ထွေးလာခဲ့လေသည်။ အခက်အခဲများမှာ ကုန်ဈေးများ အဆမတန်ကြီးခြင်း၊ စစ်ပြန် အလုပ်လက်မဲ့များ ပေါများခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများနှင့် စစ်ပြေငြိမ်းရေး အစီအစဉ်နှင့် စပ်လျဉ်း၍ မကြေနပ်မှုတို့ပင် ဖြစ်၏။ ၁၉၁၉ ခုနှစ်နှင့် ၁၉၂ဝ ပြည့်နှစ်များတွင် အလုပ်သမား၊ လယ်သမားများ အနှံ့အပြား သပိတ်မှောက်ကြလေရာ၊ အလုပ်ရုံအချို့တွင် ဆိုရှယ်လစ် အလုပ်သမားအဖွဲ့က လူစားထိုးနိုင်ခဲ့သော်လည်း၊ နိုင်ငံရေး သဘောကွဲလွဲမှုများကြောင့် ဆိုရှယ်လစ်တို့ မအောင်မြင်ခဲ့ချေ။၁၉၁၉ ခုနှစ် မတ်လတွင် မူဆိုလီနီသည် နောက်လိုက် များကိုစုရုံးကာ ဖက်ဆစ်အစည်းအရုံးကြီးကို ဖွဲ့စည်းတည် ထောင်ခဲ့လေသည်။( ဖက်ဆစ်ဝါဒ-။)

နိုင်ငံဆူပူလျက် ရှိသော ၁၉၁၉ ခုနှစ်နှင့် ၁၉၂ဝ ပြည့်နှစ်များအတွင်း ဖက်ဆစ် အစည်းအရုံးသည် လူအင်အားစုဆောင်းခြင်း၊ ဆိုရှယ်လစ်နှင့် ဗရင်ဂျီ အလုပ်သမားအဖွဲ့များကို တိုက်ရန် ကြိုးပမ်းခြင်းတို့ဖြင့်အချိန်ကုန်ခဲ့လေသည်။ မူဆိုလီနီသည် သူ၏တပ်ဖွဲ့ကို ရှပ်နက်အပျော်ထမ်းတပ်ဖွဲ့ ဟုအမည်ပေးခဲ့၏။ဆိုရှယ်လစ်အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်ခဲ့သော မူဆိုလီနီသည် ယခုအခါတွင် ဆိုရှယ်လစ်တိုက်ဖျက်ရေး၊ ကွန်မျူနစ်ဆန့်ကျင် ရေးကို စနစ်တကျ စီစဉ်လေသည်။ ဆိုရှယ်လစ်နှင့် ကွန်မျူနစ် တို့၏ လုပ်ငန်းစဉ်များကို အစွမ်းကုန်တိုက်ဖျက်ကြ၍၊ နောက် ဆုံးတွင် အရေးပါအရာရောက်သော ဆိုရှယ်လစ်နှင့်ကွန်မျူနစ် ခေါင်းဆောင်ကြီးများကို ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်း တို့ဖြင့် နှိမ်နင်းကြလေသည်။ ထိုအချိန်တွင် အီတလီလူငယ် အများအပြားသည် တဖြည်းဖြည်း တန်ခိုးကြီးလာသော ဖက်ဆစ်အစည်းအရုံးသို့ အင်တိုက်အားတိုက် ဝင်ခဲ့ လေသည်။၁၉၂ဝ ပြည့်နှစ်တွင် အီတလီဥပဒေပြုလွှတ်တော်သို့ ဖက်ဆစ်ကိုယ်စားလှယ် ၃၅ ဦး တက်ရောက်နိုင်သည်အထိ အင်အားကြီးမားလာခဲ့လေသည်။ ၁၉၂၁ ခုနှစ်နှင့် ၁၉၂၂ ခုနှစ် များတွင် အီတလီနိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေမှာ အတော်ပင် ဆိုးရွားခဲ့သည်။ ထိုအချိန်တွင် ဖက်ဆစ်တို့၏ မတရား ဖိနှိပ် ခြင်း ခံနေကြရသော ဆိုရှယ်လစ်နှင့်ကွန်မျူနစ်တို့သည် တစ် နိုင်ငံလုံးတွင် သပိတ်မှောက်မှုများ ပေါ်ပေါက်အောင် လှုံဆော် ခဲ့ရာ အောင်မြင်ခဲ့ကြလေသည်။ အစိုးရတွင် ပြည်လုံးကျွတ်သပိတ်ကြီးကို ဖြိုခွင်းရန် အစွမ်း မရှိသည့်အဖြစ်ကို အခွင့်ကောင်းယူကာ အင်အားစုပြီးဖြစ်သော ဖက်ဆစ်တို့သည် သပိတ်သမားများကို အပြင်းအထန် နှိပ်ကွပ် ပြီးလျှင် တစ်နိုင်ငံလုံးကို ဖက်ဆစ်အာဏာဖြင့် လွှမ်းမိုးလိုက် လေသည်။၁၉၂၂ ခုနှစ် အောက်တိုဘာလတွင် မူဆိုလီနီ၏အမိန့်အရ လေးသောင်းခန့်ရှိသော ရှပ်နက် တပ်ဖွဲ့ဝင်တို့သည် နေပယ် မြို့တွင် ညီလာခံကြီးတစ်ခု ကျင်းပပြီးနောက် မြို့တွင်းသို့ လှည့်လည် အင်အားပြကာ ရောမ မြို့တော်သို့ လက်နက်စွဲ ကိုင်၍ ချီတက်ခဲ့ကြလေသည်။ဖက်ဆစ်များ ရောမမြို့တော်အတွင်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် တတိယဗစ်တာအီမန်းနျူးအယ် ဘုရင်သည် မူဆိုလီနီအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်၍၊ အစိုးရအဖွဲ့ ဖွဲ့စည်းရန် လွှဲအပ်လေသည်။ အုပ်ချုပ်ရေး အာဏာကို ရရှိသည်နှင့်တပြိုင်နက် မူဆိုလီနီသည် သူ၏အာဏာများကို ပျံ့နှံ့လွှမ်းမိုးစေလေ တော့သည်။ နိုင်ငံတွင်း၌ ပြောင်းလဲမှု များစွာ ပြုလုပ်စီမံ၍၊ အုပ်ချုပ်ရေးအဖွဲ့ကိုလည်း လုံးဝ အာဏာပိုင်အဖြစ် ကြိုးကိုင်လေသည်။ ၁၉၂၅ ခုနှစ်တွင် မူဆို လီနီသည် အီတလီတနိုင်ငံလုံး၏ အချုပ်အခြာ အာဏာကို အရယူ လိုက်၏။ဘုရင်နှင့်ဒီမိုကရေစီ စနစ်များလည်း ပျောက်ကွယ်လျက် အုပ်ချုပ်မှုအကြံပေးနှင့် ဥပဒေပြုလုပ်ငန်းများကို ဖက်ဆစ် ကောင်စီအဖွဲ့ကြီးက ဆောင်ရွက်သွားသည်။ မူဆိုလီနီအား သတ်ဖြတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသော်လည်း၊ မအောင် မြင်ရုံသာမက မူဆိုလီနီအား ပို၍ပင် ထင်ရှားလာစေလေသည်။၁၉၄၃ ခုနှစ်တွင် မူဆိုလီနီသည် သူ၏စနစ်သစ်များအရ ဥပဒေပြုလွှတ်တော်ကို ပြန်လည် ဖွဲ့စည်းခဲ့၏။ လွှတ်တော်သို့ တက်ရောက်ရန် ကိုယ်စားလှယ် များကို ရှေးကကဲ့သို့ နယ်ပယ် အလိုက်မဟုတ်စေပဲ၊ အလုပ်အကိုင်အလိုက်ရွေးချယ်ခြင်းဖြစ်၏။ အလုပ်အကိုင်အလိုက် ဖွဲ့စည်းထားသော တရားဝင် အဖွဲ့အစည်း ပေါင်း ၂၂ ခုကို အသိအမှတ်ပြု၍ ထိုအဖွဲ့ ၂၂ ဖွဲ့မှ ကောင်စီ ဝင်များ ပါဝင်သော အမျိုးသားကောင်စီကို ပြည်သူ့လွှတ်တော် အတွက် အစားထိုးခြင်းပင် ဖြစ်သည်။မူဆိုလီနီသည် အီတလီနိုင်ငံကို အင်အားတောင့်တင်းသော နိုင်ငံတစ်ခု ဖြစ်စေရန်၊ လူဦးရေ တိုးတက်ရေး၊ လယ်ယာ စိုက်ပျိုးရေး၊ စက်မှုလက်မှု ထွန်းကားရေးတို့ကို အာဏာဖြင့် စီမံဆောင်ရွက်ခဲ့လေသည်။ လယ်ယာ စိုက်ပျိုးရေးတွင် ယခင် က မြေလပ်များကို တစ်ကွက်မကျန် ထွန်ယက်စိုက်ပျိုးစေ၍ ရေမိုးမလုံလောက်သော ဒေသများတွင် ဆည်မြောင်းများ ဖောက်လုပ်စေ၏။ ကျောက်မီးသွေး ရှားပါးမှုကြောင့် တောင်ကျ ရေအားဖြင့် လည်သော စက်ရုံများကို တည်ဆောက်ကာ ကုန် ပစ္စည်းထုတ်လုပ်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်စေ လေသည်။ဤသို့လျှင် အီတလီနိုင်ငံတွင် တိုးတက်မှု များစွာရှိခဲ့သော် လည်း၊ ကုန်ရိုင်းအထွက် နည်းပါးသောကြောင့် ဝယ်ယူသုံးစွဲရလေရာ အဝင်နှင့်အထွက် မျှတရုံသာ ရှိ၍ စီးပွားရေး တိုးတက် မှုမှာ ထင်သလောက် ခရီး မရောက်နိုင်ခဲ့ချေ။ ထိုသို့ရှိစဉ်ပင် မူဆိုလီနီသည် ကုန်းတပ်၊ ရေတပ်၊ လေတပ်များကို တိုးချဲ့ လိုက်ပြန်သဖြင့် အီတလီနိုင်ငံမှာ အကြွေးထူသော နိုင်ငံတစ်ခု ဖြစ်လာလေသည်။ ထိုအခါတွင် မူဆိုလီနီသည် ကုန်ရိုင်းများစွာ ထွက်မည့် အာဖရိကတိုက်တွင် နယ်ချဲ့ရန် စီစဉ်ရလေတော့ သည်။၁၉၃၅ ခုနှစ် အောက်တိုဘာလတွင် အီတလီစစ်တပ်များသည်အာဖရိကအရှေ့ပိုင်းရှိ အီသီအိုးပီးယားနိုင်ငံကို တိုက်ခိုက် လေသည်။( အီသီအိုးပီးယားနိုင်ငံ။)

အီသီအိုးပီးယား နိုင်ငံသည် နိုင်ငံပေါင်းချုပ်အသင်းဝင်နိုင်ငံတစ်ခုဖြစ်၍ အီတလီ တို့၏ ကျူးကျော်စော်ကားမှုကို နိုင်ငံပေါင်းချုပ် အသင်းကြီးသို့ တိုင်တန်းလျက်၊ လိုအပ်သည့် အကာအကွယ်များကို တောင်းခံခဲ့၏။ သို့ရာတွင် ထိရောက်သော အကာအကွယ် တစ်စုံတစ်ရာ မရရှိသောကြောင့် အီသီအိုးပီးယားနိုင်ငံသည် အီတလီ လက် အောက်သို့ ကျရောက်ခဲ့ရလေသည်။ အီသီအိုးပီးယားနိုင်ငံကို ရရှိပြီးနောက် မူဆိုလီနီ၏ နယ်ချဲ့ခြေလှမ်းသည် သွက်လက် ခဲ့လေသည်။ စပိန်သူပုန်အရေးတွင် မူဆိုလီနီသည် ဂျာမနီ အာဏာရှင် ဟစ်တလာနှင့်ပူးပေါင်း၍ သူပုန်တို့အား လူအား လက်နက်အားဖြင့် ကူညီခဲ့လေသည်။ ဤသို့ ဂျာမနီနှင့်ပူးပေါင်း မိသောအခါ၊ အရှေ့တိုင်းမှ အင်အားကြီးမား လာသော ဝါဒတူ ဂျပန်နိုင်ငံနှင့်လည်း စကားကမ်းလှမ်းကား အီတလီ၊ ဂျာမနီနှင့် ဂျပန် သုံးနိုင်ငံတို့သည် ကွန်မျူနစ် ဆန့်ကျင်ရေးစာချုပ်ကို ချုပ်ဆိုခဲ့ကြလေသည်။၁၉၃၆ ခုနှစ်တွင် မူဆိုလီနီသည် အယ်လဗေးနီးယားနိုင်ငံကို အနိုင်အထက် သိမ်းယူပြီးနောက် ဗော်လကန်နိုင်ငံများအထိ လွှမ်းမိုးရန် ကြံစည်ဆဲတွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့လေ သည်။( အယ်လဗေးနီးယားနိုင်ငံ-။)

၁၉၃၉ ခုနှစ် စက်တင်ဘာလတစ်ရက်နေ့တွင် ပိုလန်နိုင်ငံကို ဂျာမန်စစ်တပ် များက ဝင်ရောက်တိုက်ခိုက်သာအခါတွင် မူဆိုလီနီသည် ထောက်ခံအားပေးခြင်း မပြုသေးဘဲ၊ စေ့စပ်ရေးအတွက် ကြိုးစားခဲ့လေသည်။ ကမ္ဘာစစ်ကို အချိန်ဆွဲထားလိုသေးသော ပြင်သစ်နှင့်အင်္ဂလိပ်တို့ကလည်း မူဆို လီနီ၏ စေ့စပ်ရေးကို သဘောတူကာ ဂျာမန်စစ်တပ်များကို ပိုလန်နိုင်ငံအတွင်းမှ ထွက်ခွာပေးရန် တောင်းဆို ကြလေသည်။ သို့ရာတွင် အာဏာရှင်ဟစ်တလာသည် စေ့စပ်ရေးကို လျစ်လျူရှု လိုက်သဖြင့် မူဆိုလီနီသည် ဝါဒတူ ဟစ်တလာဘက်သို့ လိုက်ပါ၍ အင်္ဂလိပ်နှင့်ပြင်သစ်တို့အား ဒုတိယကမ္ဘာစစ် အတွင်းသို့ ဝင်ရောက်ခဲ့လေသည်။( ကမ္ဘာစစ်၊ ဒုတိယ။)

ဤသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် မူဆိုလီနီသည် အာဖရိကတိုက်မြောက်ပိုင်းနှင့် အီတလီ အနောက် မြောက် နယ်စပ်တွင် စစ်မျက်နှာဖွင့်ခဲ့လေသည်။ ပထမတွင် မဟာမိတ် တပ်များ အသင့်ပြင်ဆင်ပြီး မရှိသေးသည်နှင့် အာဖရိက စစ်မျက်နှာတွင် အီတာလျံတို့ အရေးသာလျက်ရှိသော်လည်း ၁၉၄ဝ ပြည့်နှစ် ကုန်လောက် တွင် မဟာမိတ်တို့ အင်အား တောင့်တင်းလာသောကြောင့် အီတာလျံတို့ အရေးရှုံးနိမ့်ကာ ဆုတ်ခွာခဲ့ရလေသည်။ ဤသို့ရှိစဉ် မူဆိုလီနီသည် အယ်လဗေး နီးယားနိုင်ငံကိုဖြတ်၍ ဂရိနိုင်ငံသို့ ချီတက်တိုက်ခိုက်လေသည်။ ဂရိစစ်မျက်နှာတွင်လည်း ဂျာမန်စစ်တပ်များက ကူညီမှသာ အီတာလျံတို့ ထင်တိုင်းပေါက်ကာ ယူဂိုစလားဗီးယားနိုင်ငံ တစ်ပိုင်းတစ်စနှင့် ဂရိနိုင်ငံကို သိမ်းပိုက်နိုင်ခဲ့သည်။၁၉၄၁ ခုနှစ် ဆန်းစတွင်ကား အီတာလျံတို့သည် စစ် မျက်နှာတိုင်းတွင် အရှုံးကြီး ရှုံးနေသဖြင့်၊ ဂျာမနီနိုင်ငံက ကူညီ ခဲ့ရလေသည်။ အာဖရိကတိုက်မြောက်ပိုင်းသို့ ဂျာမန်စစ်ကူ တစ်သိန်းကျော်ပို့သဖြင့် မဟာမိတ် တို့ ဒုတိယအကြိမ် နောက်ဆုတ်ရပြန်၏။ ၁၉၄၁ ခုနှစ် ဧပြီလတွင် ဂျာမန်နှင့် ဣတာလျံ စစ်တပ်များသည် အီဂျစ်နယ်စပ်ကိုပင် ဖြတ်ကျော် နိုင်ခဲ့ပေသည်။ သို့သော် မကြာမီ အာဖရိကတိုက် မြောက်ပိုင်း စစ်မျက်နှာတွင် ဗြိတိသျှစစ်တပ်များသည် အင်အားတောင့်တင်း လာပြန်သောကြောင့် အီသီအိုးပီးယားနိုင်ငံကိုပင် ပြန်လည် သိမ်းယူလိုက်ကြလေသည်။ ထိုအချိန်လောက်မှစ၍ အီတလီ၏ စစ်အခြေအနေမှာ တဖြည်းဖြည်း နိမ့်၍ ဆင်းခဲ့သောကြောင့် နေရာတိုင်းတွင် ဂျာမနီကို အားကိုအားထား၍ အင်အားဖြည့် တင်းခဲ့သော်လည်း အရေးနိမ့် မြဲ နိမ့်လျက်သာရှိခဲ့ရာ၊ ၁၉၄၃ ခုနှစ် မေလတွင် အာဖရိကတိုက်မြောက်ပိုင်းမှ ဝင်ရိုးတန်း စစ်တပ်များ စစ္စလီကျွန်းအထိ ဆုတ်ခွာခဲ့ကြရလေသည်။ထိုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့တွင် မဟာမိတ်စစ်တပ်များက စစ္စလီကျွန်းကို တက်ရောက်တိုက်ခိုက်သောအခါ အီတာလျံ ဖက်ဆစ်ကောင်စီအဖွဲ့ကြီးတွင် အပြင်းအထန် အခြေအတင် ပြောဆိုပြီးနောက် မူဆိုလီနီကို ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချ၍ အကျဉ်းချထားခဲ့ပြီးလျှင် မာရှယ်ဗဒေါ့လျိုအား ဝန်ကြီးချုပ် အဖြစ် တင်မြေ|ာက် လိုက်ကြလေသည်။ ထိုအခါ ဟစ်တလာ သည် မူဆိုလီနီအား အချုပ်မှ ခိုးယူကယ်တင်ကာ ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အီတလီမြောက်ပိုင်း၌ ဖက်ဆစ်သမ္မတအစိုးရအဖွဲ့ ဖွဲ့စည်းအုပ်ချုပ်ရန် ကူညီခဲ့လေ သည်။ဗဒေါ့လျိုအစိုးရသည် မဟာမိတ်တို့ဖြင့် စစ်ပြေငြိမ်းရန် စေ့စပ်သော်လည်း နောက်ကျခဲ့ပြီ ဖြစ်သောကြောင့် ၁၉၄၃ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့တွင် ခြွင်းချက်မရှိ လက်နက် ချလိုက်ရလေတော့သည်။ အုပ်ချုပ်ရေးကို ဗဒေါ့လျိုအား ပြန်လည်ပေးအပ်သော်လည်း ၁၉၄၄ ခုနှစ်တွင် ဗဒေါ့လျို ရာထူးမှ နုတ်ထွက်လိုက်သဖြင့် ဆိုရှယ် လစ်ခေါင်းဆောင်ကြီး အီဗနိုဗိုနိုမီသည် ဝန်ကြီးချုပ် ဖြစ်လာလေသည်။ အီတလီနိုင်ငံ မြောက်ပိုင်းကို ဂျာမန်တို့ ကြိုးကိုင်သော မူဆိုလီနီ၏ ရုပ်သေး အစိုးရက အုပ်ချုပ်နေခဲ့သေးသည်။ ၁၉၄၅ ခုနှစ် ဧပြီလတွင် မဟာမိတ်တို့သည် အီတလီ မြောက်ပိုင်းသို့ တိုက်စစ်ဆင်၍ ချီတက်ခဲ့လေသည်။ မဟာမိတ် တို့အား လိုလားသည့် အီတာလျံလူမျိုးများစွာက ဟစ်တလာနှင့် မူဆိုလီနီတို့၏ စစ်တပ်နောက်ပိုင်းမှနေ၍ အနှောက်အယှက် ပေးကာ မဟာမိတ်စစ်တပ်များကို ကူညီခဲ့ကြ၏။ ၁၉၄၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ တွင် မူဆိုလီနီသည် သူ၏ဇနီး၊ သူ၏ အစိုးရအဖွဲ့ဝင်တို့နှင့်အတူ ဆွစ်ဇာလန်သို့ ထွက်အပြေး နယ်စပ်ရှိ ကိုးမိုအိုင်အနီးတွင် ကွန်မြူနစ်ပါတီဝင်များကမိသဖြင့် အားလုံးကို ပစ်သတ်လိုက်လေသည်။၁၉၄၅ ခုနှစ် မေလ ၈ ရက်နေ့တွင် ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားသော်လည်းအီတလီနိုင်ငံတွင်မူကား ပြည်တွင်းရေးများ ရှုပ်ထွေးလျက်ပင် ရှိသေး၏။ပြည်တွင်းရေး အရှုပ်အထွေးများအတွင်း ဗိုနိုမီ၏အစိုးရအဖွဲ့နုတ်ထွက်လိုက်ရာ ဖါရုချီပါရီသည် ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ကာအစိုးရအဖွဲ့ဖွဲ့၍ အုပ်ချုပ်လေသည်။ ထိုအစိုးရအဖွဲ့ လက်အောက်တွင်လည်း ပြည်တွင်းရေး တစ်နေ့ထက်တစ်နေ့ ပိုပြီး ဆူပူလှုပ်ရှားလာ သဖြင့် လည်းကောင်း၊ အစိုးရအဖွဲ့ဝင် အခြားသောနိုင်ငံရေးအဖွဲ့ များ၏ ကိုယ်စားလှယ်များ ရာထူးမှ နုတ်ထွက်ကြသဖြင့် လည်းကောင်း ဝန်ကြီးချုပ်ပါရီလည်း ရာထူးမှ နုတ်ထွက်ရပြန် လေသည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် အယ် ဆီဒီ ဒါဂက်စပါရီဆိုသူ ဝန်ကြီးချုပ် အဖြစ်နှင့် ညွှန်ပေါင်း အစိုးရအဖွဲ့တစ်ခု ထပ်မံ ဖွဲ့စည်းခဲ့ပြန်လေသည်။ဒီမိုကရေစီစနစ်အရ ဖွဲ့စည်း အုပ်ချုပ်ခဲ့သော်လည်း အီတလီ နိုင်ငံတွင် တတိယဗစ်တာအီမန်းနျူးအယ်ဘုရင်သည် ဘုရင် အသစ်ရလျှင် အီတလီနိုင်ငံသားတို့က ဘုရင့်အစိုးရကို ထောက်ခံကြလိမ့်မည်ဟု မြှော်လင့်ကာ ၁၉၄၆ ခုနှစ် မေလ ၉ ရက်နေ့တွင် ထီးနန်းစွန့်ပြီးလျှင် သူ၏သားတော်ဟမ်းဗတ်အား ဒုတိယဟမ်းဗတ် အဖြစ် ထီးနန်းဆက်ခံစေသည်။ သို့ရာတွင် ထိုနှစ်အတွင်း ကျင်းပသော လူထုဆန္ဒခံယူပွဲတွင် သမ္မတအစိုးရ တည်ထောင်လိုသူများက အနိုင်ရသွားလေရာ ဒုတိယဟမ်းဗတ် ဘုရင်သည်လည်း နန်းသက် ၃၅ ရက်ခန့်မျှနှင့် ထီးနန်းမှ ဆင်းရလေတော့သည်။အရိချို ဒါနိကိုလာသည် အီတလီနိုင်ငံ၏ ပထမဆုံး ယာယီသမ္မတဖြစ်၏။ ၁၉၄၈ ခုနှစ်တွင် အိုင်နိုဒီအား သမ္မတအဖြစ် ရွေးကောက် တင်မြှောက်လိုက်ကြလေသည်။ သမ္မတ၏သက်တန်းမှာ ခုနစ်နှစ် ဖြစ်လေသည်။[၁]

  • ကိုးကား

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
Other Languages
Аҧсшәа: Италиа
Acèh: Itali
адыгабзэ: Италие
Afrikaans: Italië
Akan: Italy
Alemannisch: Italien
አማርኛ: ጣልያን
aragonés: Italia
Ænglisc: Italia
العربية: إيطاليا
ܐܪܡܝܐ: ܐܝܛܠܝܐ
مصرى: ايطاليا
অসমীয়া: ইটালী
asturianu: Italia
авар: Италия
Aymar aru: Italiya
azərbaycanca: İtaliya
تۆرکجه: ایتالیا
башҡортса: Италия
Boarisch: Italien
žemaitėška: Italėjė
Bikol Central: Italya
беларуская: Італія
беларуская (тарашкевіца)‎: Італія
български: Италия
भोजपुरी: इटली
Bislama: Itali
বাংলা: ইতালি
བོད་ཡིག: ཨི་ཏ་ལི།
বিষ্ণুপ্রিয়া মণিপুরী: ইতালি
brezhoneg: Italia
bosanski: Italija
ᨅᨔ ᨕᨘᨁᨗ: Italia
буряад: Итали
català: Itàlia
Chavacano de Zamboanga: Italia
Mìng-dĕ̤ng-ngṳ̄: É-dâi-lé
нохчийн: Итали
Cebuano: Italya
Chamoru: Italia
ᏣᎳᎩ: ᎢᏔᎵ
Tsetsêhestâhese: Italy
کوردی: ئیتالیا
corsu: Italia
Nēhiyawēwin / ᓀᐦᐃᔭᐍᐏᐣ: ᐃᑕᓖ
qırımtatarca: İtaliya
čeština: Itálie
kaszëbsczi: Italskô
словѣньскъ / ⰔⰎⰑⰂⰡⰐⰠⰔⰍⰟ: Їталїꙗ
Чӑвашла: Итали
Cymraeg: Yr Eidal
dansk: Italien
Deutsch: Italien
Zazaki: İtalya
dolnoserbski: Italska
डोटेली: इटाली
ދިވެހިބަސް: އިޓަލީވިލާތް
ཇོང་ཁ: ཨྀཊ་ལི་
eʋegbe: Italy
Ελληνικά: Ιταλία
emiliàn e rumagnòl: Itâglia
English: Italy
Esperanto: Italio
español: Italia
eesti: Itaalia
euskara: Italia
estremeñu: Italia
فارسی: ایتالیا
Fulfulde: Italiya
suomi: Italia
Võro: Itaalia
Na Vosa Vakaviti: Itali
føroyskt: Italia
français: Italie
arpetan: Étalia
Nordfriisk: Itaalien
furlan: Italie
Frysk: Itaalje
Gaeilge: An Iodáil
Gagauz: İtaliya
贛語: 意大利
Gàidhlig: An Eadailt
galego: Italia
Avañe'ẽ: Itália
गोंयची कोंकणी / Gõychi Konknni: इटली
𐌲𐌿𐍄𐌹𐍃𐌺: 𐌹𐍄𐌰𐌻𐌹𐌰
ગુજરાતી: ઈટલી
Gaelg: Yn Iddaal
Hausa: Italiya
客家語/Hak-kâ-ngî: Yi-thai-li
Hawaiʻi: ʻĪkālia
עברית: איטליה
हिन्दी: इटली
Fiji Hindi: Italy
hrvatski: Italija
hornjoserbsce: Italska
Kreyòl ayisyen: Itali
magyar: Olaszország
հայերեն: Իտալիա
interlingua: Italia
Bahasa Indonesia: Italia
Interlingue: Italia
Igbo: Italy
Ilokano: Italia
ГӀалгӀай: Итали
Ido: Italia
íslenska: Ítalía
italiano: Italia
ᐃᓄᒃᑎᑐᑦ/inuktitut: Italy
日本語: イタリア
Patois: Itali
la .lojban.: italias
Basa Jawa: Itali
ქართული: იტალია
Qaraqalpaqsha: İtaliya
Taqbaylit: Ṭelyan
Адыгэбзэ: Италэ
Kabɩyɛ: Itaalii
Kongo: Italia
Gĩkũyũ: Itari
қазақша: Италия
kalaallisut: Italia
ភាសាខ្មែរ: អ៊ីតាលី
ಕನ್ನಡ: ಇಟಲಿ
한국어: 이탈리아
Перем Коми: Италья
къарачай-малкъар: Италия
Ripoarisch: Italie
kurdî: Îtalya
коми: Италия
kernowek: Itali
Кыргызча: Италия
Latina: Italia
Ladino: Italia
Lëtzebuergesch: Italien
лезги: Италия
Lingua Franca Nova: Italia
Luganda: Yitale
Limburgs: Italië
Ligure: Italia
lumbaart: Itàlia
lingála: Italya
لۊری شومالی: ایتالیا
lietuvių: Italija
latgaļu: Italeja
latviešu: Itālija
मैथिली: इटाली
Basa Banyumasan: Italia
мокшень: Италие
Malagasy: Italia
олык марий: Италий
Māori: Itāria
Baso Minangkabau: Italia
македонски: Италија
മലയാളം: ഇറ്റലി
монгол: Итали
मराठी: इटली
Bahasa Melayu: Itali
Malti: Italja
Mirandés: Eitália
مازِرونی: ایتالیا
Dorerin Naoero: Itari
Nāhuatl: Italia
Napulitano: Italia
Plattdüütsch: Italien
Nedersaksies: Italiën
नेपाली: इटाली
नेपाल भाषा: इटाली
Nederlands: Italië
norsk nynorsk: Italia
norsk: Italia
Novial: Italia
Nouormand: Italie
Sesotho sa Leboa: Italia
Chi-Chewa: Italia
occitan: Itàlia
Livvinkarjala: Itualii
Oromoo: Xaaliyaanii
ଓଡ଼ିଆ: ଇଟାଲୀ
Ирон: Итали
ਪੰਜਾਬੀ: ਇਟਲੀ
Pangasinan: Italia
Kapampangan: Italya
Papiamentu: Italia
Picard: Italie
Deitsch: Idali
Pälzisch: Italien
पालि: इटली
Norfuk / Pitkern: Italii
polski: Włochy
Piemontèis: Italia
پنجابی: اٹلی
Ποντιακά: Ιταλία
پښتو: اېټاليا
português: Itália
Runa Simi: Italya
rumantsch: Italia
Romani: Italiya
Kirundi: Ubutariyano
română: Italia
armãneashti: Italia
tarandíne: Itaglie
русский: Италия
русиньскый: Італія
Kinyarwanda: Ubutaliyani
संस्कृतम्: इटली
саха тыла: Италия
ᱥᱟᱱᱛᱟᱲᱤ: ᱤᱴᱟᱞᱤ
sardu: Itàlia
sicilianu: Italia
Scots: Italy
سنڌي: اٽلي
davvisámegiella: Itália
Sängö: Italùii
srpskohrvatski / српскохрватски: Italija
සිංහල: ඉතාලිය
Simple English: Italy
slovenčina: Taliansko
slovenščina: Italija
Gagana Samoa: Italia
chiShona: Italy
Soomaaliga: Talyaaniga
shqip: Italia
српски / srpski: Италија
Sranantongo: Italiyanikondre
SiSwati: INtaliyane
Sesotho: Ithali
Seeltersk: Italien
Basa Sunda: Italia
svenska: Italien
Kiswahili: Italia
ślůnski: Italijo
தமிழ்: இத்தாலி
తెలుగు: ఇటలీ
tetun: Itália
тоҷикӣ: Итолиё
ትግርኛ: ጣልያን
Türkmençe: Italiýa
Tagalog: Italya
Setswana: Italia
Tok Pisin: Itali
Türkçe: İtalya
Xitsonga: Ithali
татарча/tatarça: Италия
chiTumbuka: Italy
Twi: Italy
reo tahiti: ’Itāria
тыва дыл: Италия
удмурт: Италия
ئۇيغۇرچە / Uyghurche: ئىتالىيە
українська: Італія
اردو: اطالیہ
oʻzbekcha/ўзбекча: Italiya
Tshivenda: Italy
vèneto: Itałia
vepsän kel’: Italii
Tiếng Việt: Ý
West-Vlams: Itoalië
Volapük: Litaliyän
walon: Itåleye
Winaray: Italya
Wolof: Itaali
吴语: 意大利
isiXhosa: IItaly
მარგალური: იტალია
ייִדיש: איטאליע
Yorùbá: Itálíà
Vahcuengh: Eiqdaihleih
Zeêuws: Itâlië
中文: 意大利
文言: 義大利
Bân-lâm-gú: Í-tāi-lī
粵語: 意大利
isiZulu: ITaliya