စစ္စလီကျွန်း

စစ္စလီကျွန်းမှ ကြိုဆိုပါ၏ ဆိုင်းဘုတ်

စစ္စလီကျွန်း

စစ္စလီကျွန်းသည် အီတလီကျွန်းဆွယ်၏ တောင်ဘက်တွင်တည်ရှိသည်။ မက်ဆီးနား ရေလက်ကြားသည် စစ္စလီကျွန်းကို အီတလီကျွန်းဆွယ်နှင့် ပိုင်းခြားထားသည်။ ရှေးအခါက အီတလီနှင့် အာဖရိကတိုက်တို့သည် ရေဝေကုန်း တန်းဖြင့် ဆက်စပ်လျက်ရှိခဲ့ဘူးသည်ဖြစ်ရာ၊ စစ္စလီကျွန်းသည် ထိုရေဝေ ကုန်းတန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကျန်ရှိခဲ့သော ကျွန်းတစ်ကျွန်းပင်ဖြစ်၏။ စတုရန်းပိုင် ၉၉၂၆ မိုင် ကျယ်ဝန်း၍၊ လူဦးရေ ၄၄ဝဝဝဝဝ ခန့်ရှိသည်။

စစ္စလီကျွန်း၏ သမိုင်းတစ်ခုလုံးသည်။ မင်းအပြောင်းအလဲ များနှင့် ထိုမင်းတို့၏ အောင်နိုင်မှုများ၊ ရက်စက်ကြမ်းကြုတ်မှု များ၊ ဖိနှိပ်ချုပ်ချယ်မှုများဖြင့်သာပြီးသော ပုံပြင်ကြီးနှင့် တူလှ ပေသည်။ ထိုကျွန်းသည် ရှေးနှစ် ပေါင်း ၃ဝဝဝ နီးပါးလောက် က ဖီနီရှန်လူမျိုးတို့၏ လက်အောက်သို့ကျရောက်ခဲ့သည်။ ဂရိလူမျိုးများ ရောက်ရှိ လာကြသော ၈ ရာစုနှစ်များ အတွင်း တွင် ထိုကျွန်း၌ အတတ်ပညာ များစွာထွန်းကားခဲ့၏။

ထို့နောက် ကားသေ့လူမျိုးတို့သည် ထိုကျွန်းသို့ရောက်ရှိ လာကြ၍ မကြာမီပင် သူတို့လက်မှ ရောမလူမျိုးတို့က တစ်ဖန် တိုက်ခိုက်လုယူခဲ့ကြပြန်သည်။ ဗင်းဒေါနှင့် ဂေါ့သလူမျိုးတို့ သည်လည်း အီတလီကျွန်းဆွယ်မှ မက်ဆီးနာ ရေလက်ကြားကို ဖြတ်ကျော်ကာ စစ္စလီကျွန်းသို့ ရောက်ရှိခဲ့ကြ၏။ ထို့နောက် တွင်မူကား၊ ကွန်စတန်တီနိုပယ်မြို့မှ ဗိုင်ဇင်းတိုင်ဘုရင်တို့သည် ထိုသို့ လှည့်လည်တိုက်ခိုက်နေကြသူများ၏ ဘေးရန်မှ ကျွန်းကို ကာကွယ်စောင့်ရှောက်ပေးခဲ့ကြသည်။

၉ ရာစုနှစ်များတွင် စစ္စလီကျွန်းသည် အစ္စလမ်အယူဝါဒီ တို့၏ လက်အောက်သို့ကျရောက်ခဲ့ရသည်။ ဒုတိယဖရက်ဒရစ် ဘုရင် (ခရစ် ၁၁၉၄-၁၂၅ဝ ခုနှစ်)၏ လက်အောက်တွင် စစ္စလီကျွန်းသည် အကောင်းဆုံးသော အခြေအနေသို့ရောက်ရှိ ခဲ့၏။ ဖရက်ဒရစ်ဘုရင်နတ်ရွာစံပြီးနောက် ၁၆ နှစ်အကြာတွင် အန်ဇူမင်းသား ချားသည် စစ္စလီကျွန်း၌ မင်းပြု၏။ သို့ရာတွင် ထိုမင်းသား၏ ရက်စက်ကြမ်းကြုတ်မှုကြောင်း စစ္စလီကျွန်းသူ ကျွန်းသားများသည် မခံမရပ်နိုင်ဖြစ်လာကြ၍ ထကြွပုန်ကန်ကြ ၏။ ပါလာမိုမြို့သားတို့သည် ပြင်သစ်လူမျိုး ၄ဝဝဝ ကို သတ် ဖြတ်ပစ်ကြသည်။ အခြားမြို့များတွင်လည်း အလားတူသတ်ဖြတ် မှုများပေါ်ပေါက်ခဲ့သည်။ ထို့နောက် စစ္စလီကျွန်းသည် ပြင်သစ် တို့၏ လက်အောက်မှ လွတ်မြောက်ခဲ့ပြီးလျှင် အာရဂွန်မင်းသား တတိယ ပီဒရိုအား မင်းအဖြစ်တင်မြှောက်ကြလေသည်။

စပိန်၊ ပြင်သစ်၊ ဩစတြီးယားဘုရင်တို့က သက်ဦးဆံပိုင် စိုးမိုးအုပ်ချုပ်ခဲ့သည့်ခေတ်သည်ကား စစ္စလီကျွန်း၏ အမှောင် ခေတ်ဟူ၍ ခေါ်ရပေမည်။ ၁၇၃၄-၃၅ ခုနှစ်များသို့ ရောက် သောအခါတွင် ဒွန်ကာလိုသည် နေပယ်မြို့နှင့် စစ္စလီကျွန်းတို့ ကို ပေါင်းစပ်ကာ ဗူးဗွန်မင်းဆက်တည်ထောင်ခဲ့ပြန်လေသည်။

ဤသို့အားဖြင့် ဗူးဗွန်ဘုရင်များသည် ၁၈၆ဝ ပြည့်နှစ်တိုင် အောင် စစ္စလီကျွန်းကို စိုးမိုးအုပ်ချုပ်ခဲ့ကြရာ နောက်ဆုံးတွင် အီတလီ မျိုးချစ်ခေါင်းဆောင်ကြီး ဂယ်ရီဗောဒီသည် စစ္စလီ ကျွန်းသူကျွန်းသားတို့အား လူမျိုးခြားအနှောင်အဖွဲ့မှ ကယ်တင် ကာ အီတလီဘုရင် ဗစ်တာအီမန်းနျူအယ်၏ အင်ပိုင်ယာနိုင်ငံ တော်ကြီးထဲသို့ သွတ်သွင်းပေးခဲ့လေသည်။


စစ္စလီကျွန်းကား မြေထဲပင်လယ်ထဲ၌ အကြီးဆုံးကျွန်းဖြစ် သည်။ ထိုကျွန်းပေါ်ရှိ အက်တနာတောင်ထွတ်ဆီမှမျှော်၍ကြည့် လိုက်လျှင် ကွေ့ကောက်လျက်ရှိသော ပင်လယ်အော်များ၊ အရောင်တောက်နေသော ကမ်းပါးစောက်ကြီးများနှင့်တကွ တံငါရွာကလေးများဖြင့် သာယာသောရှုခင်းကို တွေ့မြင်နိုင်လေ သည်။

စစ္စလီကျွန်း၏ အရှေ့ဘက်ကမ်းခြေတွင် မက်ဆီးနာမြို့ကြီး သည် အက်တနာတောင်ကြီးကို နောက်ခံပြုလျက် တည်ရှိ၏။ ထိုမြို့ကား အလွန်စည်ကား သာယာလှသော မြို့တစ်မြို့ဖြစ်၏။ ထိုပင်လယ်ဆိပ်ကမ်းမြို့ ကြီးကို ဂရိလူမျိုးတို့သည် ဘီစီ၆ဝဝ ပြည့်နှစ်က တည်ထောင်ခဲ့၏။ ရှေးခေတ်သမယကပင်လျှင် မက် ဆီးနာမြို့ကြီးသည် ကူးသန်းရောင်းဝယ်ရေးဖက်တွင် များစွာ အရေးပါအရာရောက်ခဲ့သည်။ ယခုအခါ လူဦးရေ ၂၃၁၄၃ဝ ရှိ၍၊ စက်မှုလက်မှုလုပ်ငန်းများဖြင့် စည်ကားလျက် ရှိသည်။ မြို့သူမြို့သားများမှာ ရှေးအခါက မကြာခဏ ဆင်းရဲဒုက္ခရောက် ခဲ့ကြရ၏။ ၁၉ဝ၈ ခုနှစ်တွင် အကြီးအကျယ်မြေငလျင်တုန်လှုပ် သဖြင့် လူပေါင်း ၇၆ဝဝဝ ခန့်မျှ သေဆုံး၍ ၉၅ဝဝဝ ခန့် ဒဏ်ရာရခဲ့ကြသည်။ ငလျင်လှုပ်ပြီးနောက် ဒုဗ္ဘက္ခန္တရကပ်နှင့် ရောဂန္တရကပ်ဆိုက်ခဲ့ရာ လူထောင်ပေါင်းများစွာ သေကြေပျက်စီး ခဲ့လေသည်။ အနောက် မြောက်ကမ်းခြေတွင်ရှိသော ပါလာမို မြို့သည်ကား စစ္စလီတစ်ကျွန်းလုံးတွင် အကြီးကျယ်ဆုံးမြို့ပင် ဖြစ်၍ အီတလီနိုင်ငံတစ်ခုလုံး၏ပဉ္စမမြောက် မြို့ကြီးလည်း ဖြစ်၏။ လူဦးရေ ၅ဝ၆ဝဝဝ ခန့်ရှိ၏။ ဤမြို့မှာ ရှေးခေတ် အခါကပင် ကြီးကျယ်စည်ကားသော မြို့ဖြစ်သည်အလျောက် ဖီနီရှန်လူမျိုး၊ ကားသေ့လူမျိုး၊ ဂရိလူမျိုး၊ ရောမလူမျိုး၊ ဂေါ့သ လူမျိုး၊ ဆာရဆင်လူမျိုး၊ နော်မန်လူမျိုး၊ ပြင်သစ်လူမျိုး၊ စပိန် လူမျိုးတို့သည် ထိုမြို့ကို အဆက်ဆက်အုပ်စိုးခဲ့ကြဘူးလေသည်။

ပါလာမိုမြို့ရှိ တက္ကသိုလ်ကျောင်းကြီးကို ၁၇၇၉ ခုနှစ်က တည် ထောင်ခဲ့သည်။ စစ်ဗဟိုဋ္ဌာနချုပ်တည်ရှိရာ မြို့ဖြစ်၍ လက်နက် တိုက်ကြီးတစ်ခုလည်းရှိသည်။ စစ္စလီကျွန်း မှထွက်ကုန်များမှာ ကန့်ကျောက်၊ လိမ္မော်သီး၊ ရှောက်သီး၊ စပျစ်၊ သံလွင်ဆီ အစ ရှိသည်တို့အပြင် စည်သွတ်ငါးများ၊ ဝိုင်အရက်၊ ဆီ၊ ဆားနှင့် သန္တာတို့ဖြစ်သည်။[၁]

Other Languages
català: Sicily Island
Cebuano: Sicily Island
Deutsch: Sicily Island
español: Sicily Island
français: Sicily Island
Kreyòl ayisyen: Sicily Island, Lwizyana
italiano: Sicily Island
Nederlands: Sicily Island
português: Sicily Island
srpskohrvatski / српскохрватски: Sicily Island, Louisiana
Volapük: Sicily Island